ဒီနေ့ မနက်(၁၀)လောက်ကပြန်တွေ့တာပါ။

ကျန်ရှိနေတဲ့ ကျောင်းသူ(၃)ယောက်ကို တာဝန်ရှိသူတွေက ဆက်လက်ရှာဖွေနေပြီး စက်လှေသမားကိုတော့ ပေါ့ဆစွာမောင်းနှင်မှုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ မင်းတုန်းမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

photo - ပေါက်ပေါက်



မကွေးတိုင်းဒေသကြီး မင်းတုန်းချောင်းအတွင်း ဇူလိုင်လ(၁၂)ရက်နေ့က ကျောင်းသား၊ကျောင်းသူတွေလိုက်ပါစီးနင်းလာတဲ့ စက်လှေတစ်စီးတိမ်းမှောက်မှုမှာ ပျောက်ဆုံးနေတဲ့ ကျောင်းသူလေးဦးထဲက တစ်ဦးရဲ့အလောင်းကိုပြန်တွေ့ပြီလို့ မင်းတုန်းမြို့မရဲစခန်းကနေ သိရပါတယ်။

“ ပေါက်ကိုင်းကျေးရွာ ကနေ အထက(၃)မင်းတုန်းကျောင်းကို ကျောင်းသွားတက်တဲ့ ကျောင်းသားတွေ ကျောင်းကအပြန်မှာဖြစ်တာ။ စက်လှေက ရေလယ်ခေါင်မရောက်ခင် ကျောက်ဆောင်အနီးမှာ ကျောက်ဆောင်ကိုရှောင်ကွေ့ပြီးမောင်းလိုက်တာ စက်လှေကစောင်းပြီး ရေတွေဝင်ပြီးတော့ မှောက်သွားတာ။ စက်လှေပေါ်မှာ ကျောင်းသားကျောင်းသူတွေ အပါအဝင် အားလုံးလူ(၂၀)ပါတယ်။ စက်လှေမှောက်သွားတော့ လူတွေကရေစီးနဲ့မျောပါသွားပြီး ရေကူးတတ်တဲ့သူကကူး၊ မကူးတတ်တဲ့သူကရေစီးနဲ့ပါသွားတာ။ကျန်တဲ့သူအားလုံးအသက်ရှင်တယ်။ ကျောင်းသူ(၄) ယောက်ပျောက်နေတဲ့ထဲက ဒီနေ့ မနက် (၁၀)နာရီလောက်က တစ်ယောက်ကိုအသေပြန်တွေ့တယ်။ ကျန်တဲ့(၃) ယောက်ကို ခုထိရှာဖွေနေတုန်းပဲရှိသေးတယ် “ လို့ မင်းတုန်းမြို့မရဲစခန်းမှတာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။

"မိုးတွင်းဆိုတော့ချောင်းကရေစီးသန်တယ်၊ပျောက်နေဆုံးတဲ့ ကျောင်းသူ(၄)ဦးက (၇)တန်းကျောင်းသူနှစ်ဦး၊ (၉)တန်းကျောင်းသူနှစ်ဦးထဲကနေ တစ်ဦးရဲ့အလောင်းကို ကင်မွန်းတိုင်ကျေးရွာနားမှာ ပြန်တွေ့တာဖြစ်တယ်" လို့ အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောပါတယ်။ အခုလည်း ကျန်ရှိနေတဲ့ ကျောင်းသူ(၃) ယောက်ကို တာဝန်ရှိသူတွေအနေနဲ့ ဆက်လက်ရှာဖွေနေတယ်လို့ပြောပါတယ်။ စက်လှေသမားကိုတော့ ပေါ့ဆစွာမောင်းနှင်မှု ပုဒ်မ(၂၈၀)နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က