ကုမ္ပဏီမှာ ၁၄ နှစ်ကြာ ပဲ့ကိုင်ရှင်အဖြစ် ပါဝင်ခဲ့တဲ့ Meta လုပ်ငန်းလည်ပတ်ရေးဆိုင်ရာ အကြီးအကဲချုပ်ဖြစ်သူ ရှဲလ်ယို ဆန်းဒ်ဘာ့ဂ်ဟာ ရာထူးက နှုတ်ထွက်တော့မယ်လို့ ဆိုပါတယ်။
Facebook တည်ထောင်သူ မတ်ခ်ဇူကာဘတ်ရဲ့ အားထားရတဲ့ ထိပ်တန်းအမှုဆောင်တစ်ဦးအဖြစ် လူသိများတဲ့ ရှဲလ်ယို ဆန်းဒ်ဘာ့ဂ်ဟာ ရာထူးက ထွက်မယ့်အကြောင်းကို Facebook ပို့စ်နဲ့ အသိပေး ကြေညာခဲ့တာပါ။ သူမရဲ့ ဖောင်ဒေးရှင်းနဲ့ ပရဟိတအလုပ်တွေ ရှေ့ဆက် လုပ်ဆောင်ရာမှာ အာရုံစိုက်နိုင်ဖို့ COO ရာထူးကနေ နှုတ်ထွက်လိုက်တာလို့လည်း ပို့စ်မှာ ဖော်ပြထားပါတယ်။

Meta (Facebook မိခင်ကုမ္ပဏီ) မှာ ကြော်ငြာရောင်းအား နှေးကွေးလာပြီး TikTok လိုမျိုး ပြိုင်ဘက်တွေရဲ့ အားကောင်းလာတဲ့ ပြိုင်ဆိုင်မှုတွေနဲ့ ကြုံတွေ့နေချိန်မှာ ကုမ္ပဏီရဲ့ အရေးပါတဲ့ ထိပ်တန်းအမှုဆောင်အရာရှိတစ်ဦး အလုပ်က ထွက်သွားတာ ဖြစ်ပါတယ်။ ရှဲလ်ယို ဆန်းဒ်ဘာ့ဂ်ဟာ နည်းပညာနယ်ပယ်မှာ ဩဇာကြီးပြီး ထင်ရှားတဲ့ အမျိုးသမီးတစ်ဦးလည်း ဖြစ်သလို Meta မှာလည်း ဒုတိယရာထူးအကြီးဆုံး ပုဂ္ဂိုလ်အဖြစ် တာဝန်ယူထားပါတယ်။
"ကျွန်မ ဒီအလုပ်ကို ၂၀၀၈ က ဝင်ခဲ့တယ်။ ဒီရာထူးနဲ့ ၅ နှစ် အလုပ်လုပ်မယ်လို့ မျှော်လင့်ခဲ့တာပါ။ ၁၄ နှစ်ကြာပြီးနောက်မှာ ကျွန်မဘဝရဲ့ နောက်ထပ်အခန်းတစ်ခန်းကို ရေးသားချိန်ရောက်လာပြီ ဖြစ်ပါတယ်။" လို့ သူမက ပို့စ်မှာ ရေးထားပါတယ်။
Google ဝန်ထမ်းဟောင်း ဖြစ်တဲ့ ရှဲလ်ယို ဆန်းဒ်ဘာ့ဂ်ဟာ Facebook ကို မတ်ခ်ဇူကာဘတ် တည်ထောင်ခါစမှာ ကုမ္ပဏီကို ရောက်လာခဲ့သူ ဖြစ်ပါတယ်။ Facebook ကို ကုမ္ပဏီငယ်လေး အဖြစ်ကနေ ကြော်ငြာပိုင်းစီးပွားရေးမှာ အကြီးအကျယ် ဝင်ငွေထိုးတက်အောင် သူမအစွမ်းနဲ့ မောင်းနှင်ခဲ့တာပါ။ နောက်တော့ Facebook အင်ပါယာထဲကို Instagram ၊ WhatsApp နဲ့ Messenger တို့ ရောက်လာပြီး ကုမ္ပဏီကို ကမ္ဘာ့အကြီးဆုံး Social Network ဖြစ်လာအောင်ပါ ကူညီပေးခဲ့ပါတယ်။
ရှဲလ်ယို ဆန်းဒ်ဘာ့ဂ်ရဲ့ အမျိုးသားဟာ ၂၀၁၅ ခုနှစ်မှာ ရုတ်တရပ် ကွယ်လွန်သွားခဲ့ပြီးနောက် သူမဟာ ဒီနွေရာသီမှာ ဒုတိယအိမ်ထောင်ထူခဲ့ပါတယ်။ အသက် ၅၂ နှစ်အရွယ် မစ္စ ဆန်းဒ်ဘာ့ဂ်ဟာ ဒီနှစ် ဆောင်းတွင်းပိုင်းမှာ Meta ကနေ ထွက်ခွာဖို့ ပြင်ဆင်ထားပေမယ့် ဘုတ်အဖွဲ့ဝင်အဖြစ်တော့ ဆက်ရှိနေဦးမယ်လို့ ဆိုပါတယ်။ ရှဲလ်ယို ဆန်းဒ်ဘာ့ဂ် ရဲ့ နေရာကို လက်ရှိ Meta ရဲ့ ဖွံ့ဖြိုးရေးအရာရှိချုပ်အဖြစ် တာဝန်ယူထားတဲ့ ဇာဗီယာ အိုလီဗန်က တာဝန်ယူသွားမှာပါ။
ဆန်းဒ်ဘာ့ဂ် နှုတ်ထွက်မယ့်အကြောင်း ကြေညာချက် ထွက်လာပြီးနောက်မှာတော့ Meta ရှယ်ယာဈေးဟာ ၄% ကျဆင်းသွားခဲ့ပါတယ်။ Meta ဟာ ပြီးခဲ့တဲ့နှစ်မှာ ဝင်ငွေ ဒေါ်လာ ၁၁၇ ဘီလျံကျော် ရခဲ့ပြီး ကုမ္ပဏီထုတ် Apps တွေထဲက တစ်ခုခုကို နေ့စဉ် သုံးနေသူ သန်း ၂၈၀၀ ကျော် ရှိကြောင်း ကြေညာထားပါတယ်။ ရှဲလ်ယို ဆန်းဒ်ဘာ့ဂ်ရဲ့ နှုတ်ထွက်မှုကို "ခေတ်တစ်ခေတ်ရဲ့ ကုန်ဆုံးမှု" လို့ မတ်ခ်ဇူကာဘတ်ခ်က မှတ်ချက်ပြုခဲ့ပြီး ဆန်းဒ်ဘာ့ဂ်ရဲ့ အရေးပါမှုကို အသိအမှတ်ပြုတဲ့ ပို့စ်တစ်ခု တင်ခဲ့ပါတယ်။