အမေရိကန်နိုင်ငံ လူဝီစီးယားနားပြည်နယ်မှာ မုန်တိုင်းဦးတည်ချဉ်းကပ်လာမှုကြောင့် သမ္မတဒေါ်နယ်ထရန့်က အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရပါတယ်။
(Photo: BBC)
လက်ရှိမှာ အပူပိုင်းမုန်တိုင်းအဆင့်ဖြစ်တဲ့ ဘယ်ရီ (Barry) ဟာ ယခုရက်ပိုင်းအတွင် မက္ကစီကိုပင်လယ်ကွေ့မှာ ပိုမိုအားကောင်းလာနေတယ်လို့ ဆိုပါတယ်။ မုန်တိုင်းဘယ်ရီဟာ လက်ရှိမှာ လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၅၀ ဖြင့် တိုက်ခတ်နေပြီး ကုန်းတွင်းပိုင်းကို ဝင်ရောက်ချိန်မှာ ဟာရီကိန်းမုန်တိုင်းအဖြစ် အားကောင်းလာနိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အဆိုပါ မုန်တိုင်းကြောင့် နယူးအော်လန်းမြို့မှာ မုန်တိုင်းဒီရေမြင့်တက်မှုနဲ့ မိုးသည်းထန်စွာရွာသွန်းမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ နယူးအော်လန်းမြို့မှာ မိုးသက်မုန်တိုင်းတွေနဲ့ ရေကြီးမှုတွေ လက်ရှိ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။ အမေရိကန် Naional Weather Service (NWS) က မုန်တိုင်းကြောင့် ရေကြီးမှုတွေဖြစ်ပေါ်နိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။
(Map: NOAA)
မုန်တိုင်းဘယ်ရီကြောင့် လူဝီစီးယားနားပြည်နယ်မှာ မိုးရေချိန် ၁၀ လက်မမှ လက်မ ၂၀ အထိ ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားပြီး အဆိုပါပြည်နယ်ရှိ မစ္စစ္စပီမြစ်မှာ ယခုလက်ရှိ စိုးရိမ်ရေမှတ်အနီးသို့ မြစ်ရေမြင့်တက် ရောက်ရှိနေပြီလို့သိရပါတယ်။ လူဝီစီးယားနားမှာ သမ္မတက အရေးပေါ် အခြေအနေ ထုတ်ပြန်ကြေညာလိုက်ခြင်းဖြင့် ပြည်ထောင်စုအစိုးရထံမှ အထောက်အပံ့များသုံးပြီး မုန်တိုင်းနောက်ဆက်တွဲ အရေးပေါ် အခြေအနေကို အကူအညီများပေးနိုင်မှာ ဖြစ်ပါတယ်။
(Photo: CNN)
အမေရိကန် မိုးလေဝသဌာန NWS က နောက်ဆုံးထုတ်ပြန်ချက်အရ မုန်တိုင်းဘယ်ရီဟာ လူဝီစီးယားနားပြည်နယ်ကို ဦးတည်လျက် တစ်နာရီလျှင် ၅ မိုင်နှုန်းဖြင့် ဆက်လက် ရွေ့လျားနေကြောင်းလည်း သိရပါတယ်။ မုန်တိုင်းဟာ လူဝီစီးယားနားပြည်နယ် ကုန်းတွင်းပိုင်းကို ဒေသစံတော်ချိန် ယနေ့ (ဇူလိုင် ၁၂ ရက်) ညပိုင်း သို့မဟုတ် စနေနေ့ (ဇူလိုင် ၁၃ ရက်) မနက်အစောပိုင်း ဝင်ရောက်မယ်လို့ခန့်မှန်းထားပြီး မစ္စစ္စပီမြစ်အောက်ဖက်ပိုင်းကို ယခုသီတင်းပတ်ကုန်နှောင်းပိုင်းမှာ ရောက်ရှိကာ အားလျော့သွားမယ်လို့ ခန့်မှန်းထားပါတယ်။
လူဝီစီးယားပြည်နယ် ကုန်းတွင်းပိုင်းကို ဝင်ရောက်စဉ်မှာ ဘယ်ရီရဲ့ လေတိုက်နှုန်းဟာ တစ်နာရီလျှင် ၇၄ မိုင်ထက်ကျော်လွန်ပါက ဟာရီကန်းမုန်တိုင်းအဖြစ် သတ်မှတ်သွားမှာဖြစ်ပြီး ယခုနှစ် အတ္တလန်တိတ် ဟာရီကိန်းမုန်တိုင်းရာသီမှာ ပထမဆုံးဟာရီကိန်းလည်း ဖြစ်လာမယ်လို့သိရပါတယ်။ လူဝီစီးယားနားမှာ မုန်တိုင်းအန္တရာယ်ရှိတာကြောင့် အနိမ့်ပိုင်း နေရာဒေသအချို့မှ ဒေသခံထောင်နဲ့ချီပြီး ရွှေ့ပြောင်းကြရန် ညွှန်ကြားထားကြောင်း CNN သတင်းမှာ ဖော်ပြပါတယ်။