မပြောင်းလဲတဲ့အရသာ၊ မပြောင်းလဲတဲ့ဆိုင်အပြင်အဆင်လေးနဲ့ ငရုတ်ကောင်း မုန့်ဟင်းခါးစားရင်း ငယ်ဘ၀ တွေကို အမှတ်ရစေမှာကတော့ ကြည့်မြင်တိုင် ညစျေးက အန်တီကောက်မုန့်ဟင်းခါးပဲဖြစ်ပါတယ်။ မကောက် မုန့်ဟင်းခါးကနေ အန်တီကောက်မုန့်ဟင်းခါးလို့ အခေါ်အဝေါ်တွေပြောင်းလဲလာပေမယ့် နှစ် (၅၀) နီးပါး မပြောင်းလဲတဲ့အရသာနဲ့ စားသုံးသူတွေရဲ့ ချစ်ခင်အားပေးမှုကိုအခုချိန်ထိရရှိနေတဲ့ မုန့်ဟင်းခါးဆိုင်လေးပါ။
တစ်ပွဲတစ်မတ်ခေတ်ကစရောင်းခဲ့တဲ့ အန်တီကောက်မုန့်ဟင်းခါး
အန်တီကောက်မုန့်ဟင်းဆိုင်လေးကို (၁၉၇၄) ခုနှစ်က စတင်ကာ ကြည်မြင်တိုင်ညစျေးမှာဖွင့်လှစ်ရောင်းချခဲ့တာပါ။ မူလက အန်တီကောက်ရဲ့ အမေကစတင်ရောင်းချခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ အန်တီကောက်က ဆက်လက်ဦးစီးလုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။
“အန်တီအမေက မုန့်ဟင်းခါးစရောင်းတာ၊ အမေက(၃)နှစ်လောက်ရောင်းတယ်။ အဲ့နောက်ပိုင်း အန်တီပဲ အခုချိန်ထိဆက်ရောင်းနေတာပေါ့။ အရင်ကဒီဆိုင်တန်းနေရာက မုန့်စျေးတန်းကြီး မုန့်ဆိုင်တွေ ကြီးပဲ။ အခုတော့ တခြားလူတွေကဆိုင်တွေရောင်းသွားကြတာ။ အန်တီပဲဒီမှာ ဆက်ရောင်းနေတာပေါ့။ အရင်ကဆို မုန့်ဟင်းခါး အလွတ်တပွဲ တစ်မတ်၊ အကြော်နဲ့မှ (၃၅)ပြား” လို့ အန်တီကောက်ကပြောပါတယ်။
သတိတရလာစားကြရတဲ့ အန်တီကောက်မုန့်ဟင်းခါး
တစ်ချိန်က ရုံးသမားတွေ၊ တက္ကသိုလ်ကျောင်းသူ၊ကျောင်းသားတွေ၊ နဲ့ ညစျေးကိုလာရောက်တဲ့ စျေးသွား၊ စျေးဝယ်တွေရဲ့ အားပေးမှုကိုအခိုင်အမာရရှိခဲ့တဲ့ အန်တီကောက်မုန့်ဟင်းခါးဆိုင်လေးဟာ အခုချိန်ထိ ဖောက်သည်ဟောင်းတွေက သတိတရ လာရောက်စားသုံးသလို လက်ဆင့်ကမ်း ဖောက်သည်သစ်တွေလည်း တိုးလာနေဆဲပါ။
“အရင်ကဆို ဒီစျေးကြီးကအရမ်းစည်တာလေ၊ ဒီနားမှာရုံးတွေပတ်လည်ရှိတယ်၊ ကားဂိတ်အစုံရှိတယ်။ နောက်တက္ကသိုလ်နဲ့လည်း နီးတော့ တစ်နေ့ကိုမုန့်ဟင်းခါး အချိန်အစိတ်လောက်ကုန်တယ်။ အဲ့ကတည်းက ဖောက်သည်တွေဆိုလည်း အခုထိသတိတရနဲ့လာစားကြတယ်။ နောက်ပြီးသူတို့ရဲ့မျိုးဆက်တွေပေါ့။ တစ်ယောက်နဲ့ တစ်ယောက် လက်ဆင့်ကမ်းကြရင်း ဖောက်သည်အသစ်တွေလည်းတိုးပါတယ်” လို့ အန်တီကောက်ကပြောပါတယ်။
မုန့်ဟင်းခါးဆိုင်လုပ်ငန်းက ဝင်ငွေနဲ့ သမီးတွေဘွဲ့ရတဲ့အထိပံ့ပိုးနိုင်ခဲ့
ဒီမုန့်ဟင်းခါးဆိုင်လုပ်ငန်းနဲ့ပဲ သမီး(၄)ယောက်ဘွဲ့ရတဲ့ အထိ ပညာရေးကို ပံ့ပိုးနိုင်ခဲ့သလို မိသားစုအေးအေး ချမ်းချမ်းနေနိုင်ပြီး အလှူအတန်းတွေလုပ်နိုင်တဲ့အတွက် စိတ်ချမ်းသာရတယ်လို့ အန်တီကောက်က အပြုံးချိုချိုနဲ့ ပီတိဖြစ်ဖွယ်ပြောပါတယ်။ အန်တီကောက်ရဲ့ ညီအစ်မတွေကလည်း လည်း ကြည့်မြင်တိုင်မြို့နယ်ထဲမှာပဲ မုန့်ဟင်းခါး ဆိုင်ဖွင့်လှစ်ရောင်းချကြပြီး မိခင်ဖြစ်သူရဲ့ မုန့်ဟင်းခါးချက်နည်းလေးကို အဆင့်ဆင့်မွေဆက်ခံပြီး ထိန်းသိမ်းလုပ်ကိုင်နေကြသူတွေပါ။
အန်တီကောက်မုန့်ဟင်းခါးဆိုင်လေးရဲ့ တမူထူးခြားချက်
အန်တီကောက်ရဲ့ ငရုပ်ကောင်းမုန့်ဟင်းခါး မွှေးမွှေးလေးက တစ်ခါစားဖူးရင်နောက်တခါ ထပ်စားချင်အောင်ကို စွဲဆောင်နိုင်ပါတယ်။ ကုန်စျေးနှုန်းတွေဘယ်လိုပြောင်းပြောင်း ပါ၀င်ပစ္စည်းတွေရဲ့ အရည်အသွေးကို မလျော့စေတဲ့အတွက် မုန့်ဟင်းခါးရည်ရဲ့ အရသာက ယနေ့တိုင်မပြောင်းလဲတာဖြစ်ပါတယ်။ ဒါ့အပြင် ညှပ်ဖက်လို့ခေါ်တဲ့ မုန့်ဖက် ဝိုင်းဝိုင်းခွေခွေလေးတွေကလည်း စားသုံးရမှာအမြင်ဆန်းသလို အရသာလည်း တမျိုးထူးခြားနေပါတယ်။
“ကုန်ဈေးနှုန်းတွေ ကြီးလည်း ဒီအတိုင်းပဲထည့်တယ်။ကိုယ်ကအမြဲကောင်းကောင်းရောင်းချင်တာကိုး၊ မုန့်ဖက်ဆို ရိုးရိုးမုန့်ဖက်လည်းရတယ်။ ညှပ်ဖက်လည်းရတယ်။ ညှပ်ဖက်ကတော့ ညှပ်ခေါက်ဆွဲ အပြားကြီးကို လိပ်ပြီး ကတ်ကြီးနဲ့ပြန်ညှပ်ထားတာ့ ဝိုင်းဝိုင်းခွေခွေလေးတွေ နဲ့ အမြင်ဆန်းတာပေါ့။ အရင်ကဆို အဲဒီညှပ်ဖက်ကို အန်တီတို့အိမ်မှာလုပ်တာ ဖောက်သည်လည်းပေးတယ်။ (၈၈) ခုနှစ်နောက်ပိုင်းကျမှ မလုပ်ဖြစ်တော့တာ အခုကတော့လုပ်ပြီးသားဝယ်သုံးလို့ရတယ် ” အန်တီကောက်ကပြောပါတယ်။
ကြည့်မြင့်တိုင်ညဈေးမှာသာရတဲ့ အန်တီကောက်မုန့်ဟင်းခါး
အန်တီကောက်မုန့်ဟင်းခါးဆိုင်လေးမှာတော့ ငရုပ်ကောင်းမုန့်ဟင်းခါးကို အကြော်စုံ၊အီကြာကွေး၊ငါးဖယ်၊ အိုးဘဲဥ တို့နဲ့ရရှိနိုင်ပါတယ်။ မုန့်ဟင်းခါး အလွတ်တစ်ပွဲ (၈၀၀)ကျပ်၊အကြော်နဲ့ (၁,၀၀၀)ကျပ် ၊ငါးဖယ်၊အိုးဘဲဥတို့နဲ့ ဆိုရင် တော့ (၁,၂၀၀) ကျပ်ဝန်းကျင်ကျသင့်မှာဖြစ်ပါတယ်။ ဆိုင်နေရာလေးကတော့ ကြည့်မြင်တိုင် ညစျေးအတွင်း စျေးကြီး လမ်း စလုံးရုံ ၀င်ပေါက်အနီး မှာဖြစ်ပြီး နေ့လည်(၂) နာရီခွဲကနေ ညနေ(၆)နာရီအထိ ရရှိနိုင်ပြီး စျေးပိတ်တဲ့ရက် အတိုင်း ဆိုင်ပိတ်ပါတယ်။ ငရုပ်ကောင်းမုန့်ဟင်းခါး မွှေးမွှေးကို ညှပ်ဖက် ဝိုင်းဝိုင်းခွေခွေလေးတွေနဲ့ စားသုံးချင်သူ တွေအတွက် ကြည့်မြင်တိုင်ဘက်ရောက်တဲ့အခါ အန်တီကောက်မုန့်ဟင်းခါးကို ၀င်ရောက်စားသုံးနိုင်ဖို့ လမ်းညွှန်ပေးလိုက်ပါတယ်။