• မုန့်တီနဲ့ တုတ်ထိုးရောင်းရင်း အိမ်ပိုင်ဆိုင်သွားတဲ့ အန်တီဒေါ်သန္တာ

ရခိုင်မုန့်တီရောင်းခဲ့တာ ခုဆို ၁၈ နှစ်သက်တမ်းရှိပါပြီ။
[Zawgyi Version]

တောင်ဒဂုံမြို့နယ် ၁၉ ရပ်ကွက် က ၁၉ မုန့်တီဆိုင်လေးဟာဆိုရင် တောင်ဒဂုံမြို့ကသူ တော်တော်များများရဲ့ အသည်းစွဲ ရခိုင်မုန့်တီဆိုင်ကလေးဖြစ်ပါတယ်။ တစ်ခါစားပြီးတာနဲ့ ဘယ်ကိုပြောင်းသွားသွား  ဒီ ၁၉ မုန့်တီဆိုင်လေးကိုတော့ ရအောင်လာပြီး စားသုံးကြတဲ့အထိ အရသာက ကောင်းမွန်တာကြောင့် အစားအသောက်ကြိုက်သူတွေအတွက် မိတ်ဆက်ပေးပါရစေ။  


၁၈ နှစ်သက်တမ်းရှိနေပြီဖြစ်တဲ့ ဆိုင်ကလေး  


တောင်ဒဂုံ ၁၉ ရပ်ကွက်က ၁၉ လမ်းမုန့်တီဆိုင်လို့ တောင်ဒဂုံကလူတွေ ခေါ်ဆိုကြတဲ့ ဒီ မြန်မာတုတ်ထိုးနဲ့ ရခိုင်မုန့်တီ တွဲရောင်းတဲ့ ဒီဆိုင်လေးကတော့ လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်ကတည်း က  စဖွင့်ခဲ့တာမို့ ခုဆိုရင် သက်တမ်းအားဖြင့် ၁၈ နှစ်ရှိပါပြီ။ လွန်ခဲ့တဲ့ ၁၈နှစ်ကတော့ ၁၉ရပ်ကွက် ပတ္တမြားလမ်းထဲမှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ခုကတော့  ၁၉ရပ်ကွက် နံ့သာမြိုင်လမ်းပေါ် ပြောင်းလဲဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။ 


အဲဒီတုန်းက  မုန့်တီတစ်ပွဲ ကို တစ်ရာ ၊ အသုပ်တစ်ပွဲကို သုံးရာ အဲဒီလိုမျိုးပေါ့။ အခုဈေးကတော့ တုတ်ထိုးက တစ်ချောင်း ၅၀ ၊ အသုပ်က ၇၀၀ ၊  မုန့်တီက လေးရာ ၊ ငါးဖယ်သုပ်တို့ကျတော့ တစ်ထောင်ပေါ့။ တုတ်ထိုးက ညနေ လေးနာရီလောက်ဆို မရှိတော့ဘူး။ ၁၂ နာရီနောက်ပိုင်းဆိုရင်တော့ ရောင်းရပြီပေါ့။ အဲဒီအချိန်ကျရင်တော့ လူကျတယ်။”   



မုန့်တီတုတ်ထိုးရောင်းရင်း ပိုင်ခဲ့တဲ့ နှစ်ထပ်အိမ်ကလေး  


လက်ရှိနေရာ နှစ်ထပ်တိုက်လေးကိုတော့ တုတ်ထိုးနဲ့ မုန့်တီရောင်းရငွေတွေနဲ့ ဝယ်ယူထားတာဖြစ်တယ်လို့ ဆိုင်ရှင်ဒေါ်သန္တာကပြောပါတယ်။

စုတတ်ဆောင်းတတ်တဲ့ ဆိုင်ရှင်ဒေါ်သန္တာကတော့ ခုလို မြန်မာတုတ်ထိုးစုံနဲ့ ရခိုင်မုန့်တီလေးရောင်းရင်း အိမ်ငှားဘဝကနေ ကိုယ်ပိုင်လုံးချင်းနှစ်ထပ်တိုက်ကလေးပိုင်ဆိုင်သွားခဲ့တာပါ။ 

“ပြောင်းလဲတော့ ပြောင်းလဲတာပေါ့။ အိမ်တွေ ဘာတွေနဲ့တော့ ဖြစ်သွားတာပေါ့။ အိမ်ငှားဘဝကနေ ဖြစ်သွားတာ၊ အိမ်ငှားဘဝကတော့ ဈေးစရောင်းကတည်းက အိမ်ငှားဘဝပေါ့။ အဲဒီကနေ ဘေးမှာ သူများဆီမှာ ငှားရောင်းရတာလေ၊ အိမ်ပိုင်ဖြစ်တာကတော့ သိပ်မကြာသေးဘူး။ ၂ နှစ်လောက်ပဲ ရှိသေးတယ်ဆိုတော့၊ အဲဒီလိုပဲ။ ဖြေးဖြေးချင်း မဲတွေဘာတွေစုပြီး ဆောက်တာပေါ့။ ဘယ်လောက်ကျလဲဆိုတော့ အန်တီဆောက်တုန်းကတော့ ဈေးနည်းသေးတာပေါ့။ မြေကွက်ကော ဘာကောဆို သိန်း ၄၅၀ လောက်တော့ကျတယ်။”   


အစားအစာနဲ့ ဈေးနှုန်းလေးတွေ 


ဒီ ၁၉ မုန့်တီဆိုင်လေးမှာဆိုရင် ရခိုင်မုန့်တီ၊ မုန့်ဖတ်သုပ် ( ရခိုင်သုပ်/ ဗမာသုပ်)  ၊  ငါးဖယ်သုပ် ၊ တုတ်ထိုးသုပ်၊ မြန်မာတုတ်ထိုးအစုံ ရရှိနိုင်ပါတယ်။ ဈေးနှုန်းအားဖြင့် ဆိုရင်တော့ ရခိုင်မုန့်တီ တစ်ပွဲ ၄၀၀၊ မုန့်ဖတ်သုပ် တစ်ပွဲ  ၇၀၀ ၊ တုတ်ထိုးသုပ် တစ်ပွဲ ၁၀၀၀ ၊  ငါးဖယ်သုပ် တစ်ပွဲ ၁၀၀၀ နဲ့ တုတ်ထိုးတစ်ချောင်း ၅၀ နဲ့ ဈေးနှုန်း သက်သက်သာသာရောင်းချပေးနေတာပါ။ 



ခေတ်အဆက်ဆက် လာအားပေးကြတဲ့ စားသုံးသူတွေ 


ဒီဆိုင်လေးက  လွန်ခဲ့တဲ့ ၁၈ နှစ်ကတည်းက ကျောင်းသူကျောင်းသားတွေ ကျောင်းတက်ကျောင်းဆင်းချိန်တွေ ပုံမှန်ဝင်ရောက်အားပေးခဲ့ကြတဲ့ ဆိုင်လေးဖြစ်ပါတယ်။ နှစ်တွေကြာသွားပေမယ့်လည်း ငယ်စဉ်ကတည်းက အားပေးခဲ့ကြသူတွေကတော့ ယခုထိတိုင် ဘယ်အရပ်ကို ပြောင်းသွားပြောင်းသွား ၁၉ မုန့်တီဆိုင်လေးဆီတော့ လာရောက်အားပေးကြစမြဲပါ။ 

“တစ်တန်း ၊ နှစ်တန်း လောက်ကတည်းက စားတဲ့ သူတွေဆို ခု ကလေးတွေရနေပြီ။ လာစားကြတုန်း ။ကြုံသလို လာတာပေါ့၊ ကားနဲ့လာရင်လည်း လာတယ်။ မြောက်ဒဂုံတို့၊ ရွာသာကြီးက လင်မယားနှစ်ယောက်ဆို အမြဲ စနေ ၊ တနင်္ဂနွေ ပိတ်တဲ့နေ့ ကားနဲ့လာစားတာ ။  ပုဇွန်တောင်ကလည်း လာတယ်။ ကားနဲ့ အပြည့် အယောက် ၂၀ လောက်ရှိတယ်။ ပိတ်ရက်ဆို လာကြတာ။ ကိုယ့်အိမ်ကတော့ စုံတာပေါ့။ သီလရှင်က အစ ပိတ်ရက်ဆို သီလရှင်တွေလည်း အပြည့် လာစားကြတယ်။ ဒီဆိုင်မှာ တစ်ခါစားပြီးရင် မှတ်သွားကြတယ်။ တစ်ခါစားပြီးတိုင်း လာလာစားကြတယ်။” 


အရသာကောင်းမွန်တဲ့ ၁၉ လမ်းမုန့်တီ 


စားသုံးသူတွေ အကြိုက်ဆုံးကတော့ ငါးဖတ်အကြီးကြီးတွေနဲ့ ချိုလှတဲ့ မုန့်တီရည် နဲ့  အရသာထူးကဲတဲ့ မုန့်ဖတ်သုပ်ပဲဖြစ်ပါတယ်။  တချို့ကလည်း အချဉ်အရသာကို ကြိုက်ကြတယ်လို့ ဆိုပါတယ်။ 

“ဈေးသက်သာတာကော ၊ အရသာကောင်းတာကော ၊ အဓိကကတော့ မခိုဘူးပေါ့။ ကောင်းကောင်းလေးလုပ်ပေးတယ် ။ အချဉ်ကောင်းတယ်လို့ ပြောကြတာပဲ ။ စားတဲ့သူတွေကတော့ ။မုန့်တီဆိုရင်တော့ ဟင်းရည်ပေါ့၊ ဟင်းရည်ရယ် ငရုတ်သီးချက်ရော ကြိုက်ကြတယ်”   





တစ်နေ့ကို သုံးသိန်းဖိုးလောက်ရောင်းရတဲ့ ဆိုင်လေး 


ဒီ ၁၉ လမ်းမုန့်တီဆိုင်ကတော့ တစ်နေ့ကို မုန့်ဖတ်အချိန် ၁၅ ပိသာ နဲ့ ဝင်ငွေ သုံးသိန်းလောက် ရရှိတယ်လို့ ဆိုင်ရှင်က ခုလိုဆိုပါတယ်။ 

“မနက် ၅ နာရီလောက်ဆို ဈေးသွားရတယ်၊ နင့်ဦးက ကြော်ပြီးကျန်ခဲ့တာပေါ့။ ကိုယ်က ၇ နာရီလောက်ရောက်။ ကြော်လှော်ပြီးရင် ကိုးနာရီခွဲလောက်ဆိုထွက်။ အန်တီက ခုကျရင်တော့ သုံးသိန်းကျော်နီးပါးလောက် ရောင်းရတာပေါ့။ မုန့်ဖတ်ကတော့ ပုံမှန်ကတော့ ၁၅ ပိဿ ၊  လူကျရင်ကျသလို ရောင်းရတာပေါ့။”  


ဇွဲရှိသလို စုတတ်ဆောင်းတတ်တဲ့ ၁၉မုန့်တီဆိုင်ပိုင်ရှင် ဒေါ်သန္တာကတော့ စားသုံးသူတွေနဲ့ ဆွေမျိုးရင်းချာလိုဖြစ်နေပြီး မုန့်တွေကိုလည်း စေတနာပါပါ သုပ်ပေးတာကြောင့် ခေတ်အဆက်ဆက် ၁၉မုန့်တီဆိုင်လေးဟာ  စားသုံးသူတွေအမြဲပြည့်နေတတ်တာပါပဲ။ 

၁၉ မုန့်တီဆိုင်လေးကို သွားရောက်အားပေးချင်တယ်ဆိုရင်တော့ တောင်ဒဂုံမြို့နယ် ၁၉ရပ်ကွက် နံ့သာမြိုင်လမ်းပေါ်မှာ သွားရောက်အားပေးနိုင်ပါကြောင်း လက်တို့ပေးလိုက်ပါရစေ။ 






 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...