မုံရွာမြို့၊က ကန်သာဦးရပ်ကွက်ထဲက ရေမြောင်းထဲမှာ မိကျောင်းတွေေတွေ့ရှိရတဲ့အတွက် ရှာဖွေရေးပြုလုပ်နေရာ တစ်ကောင်ကို ဖမ်းဆီးရမိ ထားပြီဖြစ်တယ်လို့ ရှာဖွေဖမ်းဆီးရေး ခေါင်းဆောင် ခရိုင်မီးသတ်ဦးစီးမှူး ဦးညီညီဇော်က ဒီကနေ့ (စက်တင်ဘာ ၁၁ ရက်) မှာ ပြောပါတယ်။
" မိကျောင်းတွေ့ကြောင်း ဖုန်းနဲ့သတင်းပေးဖို့ချက်အရ ကျနော်တို့ လာရောက်ရှာဖွေ နေတာဖြစ်ပါတယ်။ လောလောဆယ် တစ်ကောင်တွေ့ထားပါပြီ။ ရှာဖွေမှုကို ဆက်လုပ်နေပါတယ်။ မုံရွာမှာ အခုလိုတခါမှတော့ မတွေ့ရဖူးဘူး။ မြောင်းက ရပ်ကွက်ထဲက ရေသွင်းရေထုတ်လုပ်တဲ့ မြောင်းပေါ့"လို့ ဦးညီညီဇော်ကပြောပါတယ်။

ဓာတ်ပုံ - Phyo Thet
လက်ရှိဖမ်းဆီးရမိထားတဲ့ မိကျောင်းဟာ အလျား ၂ ပေ အရွယ်ရှိပြီး ဖုန်းဆက်သတင်းပေးသူပြောကြားချက်အရ ၃ ကောင်ရှိကြောင်းသိရတာကြောင့် ရှာဖွေရေး ဆက်လုပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
"ဒီနေ့ မနက် ၁၀နာရီအကျော်လောက်က မိကျောင်းတွေ့တာလို့ သိရတယ်။ တွေ့တဲ့သူပြောတာကတော့ ခေါင်းမြင်လိုက်ရတယ်၊ ၃ကောင်ပေါ်တယ်၊ တစ်ကောင်က ကြီးတယ်။နှစ်ကောင်က သေးတယ်လို့ ပြောတယ်"လို့ မိကျောင်းရှာဖွေရေးပြုလုပ်နေတဲ့ ရပ်ကွက်နေထိုင်သူ ကို စိုးနိုင်ကပြောပါတယ်။
ဓာတ်ပုံ - ရန်နိုင်စိုး
မုံရွာခရိုင်ထဲမှာ အရင်က မိကျောင်းရှာဖွေ ဖမ်းဆီးရမိတာ မရှိခဲ့ဘူးတာကြောင့် အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး သုံးသပ်ချက် ပြောဖို့ ခက်နေတယ်လို့ မုံရွာ ခရိုင်မီးသတ်ဦးစီးမှူးကပြောပါတယ်။
(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်)