အောက်တိုဘာလ ၉ ရက်နေ့ ညနေက ဖြိုးပြည့်စုံပြန်လည်လွတ်မြောက်လာပါပြီ။

ဖြိုးပြည့်စုံနဲ့ အတူ လက်ဝယ်တွေ့ရှိထားတဲ့ ဆေးဝါးတွေဟာ မူးယစ်ဆေးဝါး မဟုတ်လို့ ပြန်လည်လွှတ်ပေးလိုက်ခြင်းဖြစ်တယ်လို့ ဗဟန်းမြို့နယ် ရဲစခန်းမှ ရဲမှူးဦးသိန်းဝင်းကပြောပါတယ်။

အဆိုတော်ဖြိုးပြည့်စုံကတော့ မီဒီယာတွေနဲ့ တွေ့ဆုံပွဲလုပ်သွားမယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက် နှာကနေတဆင့် ကြေညာလိုက်ပြီဖြစ်ပါတယ်။ သူ့အတွက် စိုးရိမ်နေကြတဲ့ ပရိသတ်တွေကလည်း ဝမ်းသာပီတိဖြစ်လို့နေကြပါတယ်။



‘’ကျွန်တော် ၊ ရော်နီ နဲ့ ငြိမ်းချမ်းကိုတို့ရဲ့ မှန်ကန်မှုကို ယုံကြည်ပေးတဲ့ တစ်ယောက်ချင်းစီ ကို ကျေးဇူးအထူးတင်ပါတယ်။ မကြာခင်မှာ media conference လေးတခု လုပ်နိုင်ဖို့ ကျွန်တော် စီစဉ်ပါ့မယ်’’ ဆိုပြီးတော့ အောက်တိုဘာလ ၉ ရက်နေ့ ညနေ ၆နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Phyo Pyae Sone

ဖြိုးပြည့်စုံကို လွှတ်ပေးလိုက်ရတဲ့ အကြောင်းအရင်းကိုလည်း ဗဟန်းမြို့နယ် ရဲစခန်းမှ ရဲမှူးဦးသိန်းဝင်းက အောက်တိုဘာလ ၉ ရက်နေ့ ညနေမှာပဲ မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

‘’ အမှုတစ်ခုက စစ်ဆေးပြီးလို့ရှိရင် တိုက်ရိုက်တရားစွဲလို့ မရပါဘူး။ လိုအပ်တဲ့ သက်သေခံ အထောက်အထားတွေကို တည်ဆောက်ရပါတယ်။ ဒီလိုတည်ဆောက်ပြီးတော့မှ ဥပဒေအကြံကောင်းကို တင်ရပါတယ်။ ဥပဒေကနေမှ ကျွန်တော်တို့ အမှုတွဲကို ဖတ်ကြည့်ပြီးမှ တရားစွဲတင်နိုင်ချေရှိရင်တော့ တရားစွဲပါလို့ အကြံပေးတယ်။ ဘာပုဒ်မ ဆိုတာလည်းပြောပါတယ်။ ဟိုတစ်နေ့က ပြောလိုက်တဲ့ ပစ္စည်းတွေသည် မူးယစ်ဆေးဝါးမဟုတ်ပါဘူး။ တရားစွဲဆိုရန် မသင့်ပါလို့ ဥပဒေအကြံပြုချက်ကျလာပါတယ်။ အဲဒါကြောင့် သူ့ကို ရာဇဝတ် ဥပဒေသုံး ပုဒ်မ ၁၆၉ အရ အပြီးအပြတ်လွှတ်ပေးလိုက်ပါတယ် ဒါပါပဲ’’ ဆိုပြီးတော့ သူကဆိုပါတယ်။

အမှုဖြစ်စဉ်အစမှာတော့ အဆိုတော် ဖြိုးပြည့်စုံနဲ့အတူ တေးရေး ချမ်းငြိမ်းကိုနဲ့ တေးရေး ရော်နီ ဆန်းလွင်တို့ စီးနင်းလာခဲ့တဲ့ ကားအတွင်းထဲက ကျောပိုးအိတ်ထဲမှာတော့ ကတ်တမင်းလို့ခေါ်တဲ့ အလေးချိန် ဝ.၄ ဂရမ်ရှိ မူးယစ်ဆေးဝါး ဆေးပြား ၁၀ ပြား၊ ဖြိုးပြည့်စုံရဲ့ မှတ်ပုံတင်၊ ဖြိုးပြည့်စုံရဲ့ Iphone ၊ တေးရေး ရော်နီဆန်းလွင်ရဲ့ I Phone ၊ တေးရေးချမ်းငြိမ်းကိုရဲ့ I Phone စည်တို့ကို တွေ့ရှိခဲ့တယ်လို့ အောက်တိုဘာလ ၈ ရက်နေ့က ဗဟန်းမြို့နယ် တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဦးစောထွန်းအေးက မီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ ပြောပြခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ပုဒ်မ ၁၉(က)/၂၁ နဲ့ ဖြိုးပြည့်စုံနဲ့ သူငယ်ချင်းနှစ်ဦးကို အမှတ် ၄၀ မူးယစ်တပ်ဖွဲ့မြောက်ပိုင်း က ဒုရဲအုပ် မျိုးမင်းက ဗဟန်းမြို့နယ် တရားရုံးမှာ တရားစွဲဆိုခဲ့တယ်လို့ သိရပါတယ်။

Photo: Phyo Pyae sone

တာဝန်ရှိသူများက သတင်းရရှိတဲ့အတွက် အဆိုတော်ဖြိုးပြည့်စုံကို အောက်တိုဘာလ ၇ ရက်နေ့ ညနေပိုင်းက မြန်မာပလာဇာအရှေ့ဘက်ရှိ ကော်ဖီဆိုင်မှာ သွားရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ဖြိုးပြည့်စုံအမှုရင်ဆိုင်နေရတဲ့အချိန်မှာ သူ့ကို ချစ်ခင်တဲ့ အနုပညာအသိုင်းအဝိုင်းက ညီအစ်ကိုမောင်နှမများ နဲ့ ပရိသတ်တွေကလည်း အရမ်းကို စိုးရိမ်ခဲ့နေခဲ့ကြတာပါ။ အခုလို ပြန်လွတ်လာပြီဆိုတဲ့အပေါ်မှာလည်း အရမ်းကို ပျော်ရွှင်နေကြတာ တွေ့ရပါတယ်။ သူကတော့ Melody World သီချင်းဆိုပြိုင်ပွဲကနေ ဂီတလောကထဲကို ခြေဆန့်ခဲ့သူတစ်ယောက်ပါ။ သူဟာ အဆိုတော် တစ်ယောက်အဖြစ်သာမက ဆရာဝန်ဘွဲ့ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က