ငါးမန်းသားရေသုပ်လို့ ပြောလိုက်ရင် အခြားဒေသက လူတွေအတွက်တော့ အထူးအဆန်းဖြစ်နေပေမယ့် မွန်ပြည်နယ် ဒေသခံအတွက်တော့ ပုံမှန်အဆာပြေ စားစရာတစ်ခုလိုပါပဲ။ ငါးမန်းသားရေသုပ်ကို မွန်ပြည်နယ်ရဲ့ အသုပ်ဆိုင်တိုင်းလိုလိုမှာ တွေ့ရတတ်ပြီး မွန်ပြည်နယ်နဲ့ မြိတ်၊ထားဝယ်တို့ဘက်မှာလည်းရနိုင်တဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။ ဒီတစ်ခေါက် Duwun Lifestyle Food ကဏ္ဏမှာ ငါးမန်းသားရေသုပ်မှာ အသုံးပြုတဲ့ ငါးမန်းသားရေက ဘယ်လိုအမျိုးအစားလဲ။ ဘယ်ကနေရနိုင်သလဲ။ စားဖူးသူတိုင်းကြိုက်ကြတဲ့  ငါးမန်းသားရေသုပ်ကို အရသာရှိရှိနဲ့ ဘယ်လိုသုပ်စားကြမလဲဆိုတာ ဝေမျှပေးသွားမှာဖြစ်ပါတယ်။

မော်လမြိုင်မှာနာမည်ကြီးတဲ့ ငါးမန်းသားရေသုပ်

ငါးမန်းသားရေသုပ်ကို မော်လမြိုင်အောက်ဈေးနဲ့ အပေါ်ဈေးက ဗန်းလေးတွေနဲ့ ချရောင်းတဲ့ အသုပ်သည်လေးတွေမှာ အများဆုံးတွေ့ရပြီး အခုတော့ အသုပ်ဆိုင်တိုင်းလိုလိုမှာ ဒေသအစားအစာတစ်ခုအနေနဲ့ ရောင်းချနေကြပါတယ်။ ရန်ကုန်နဲ့ မန္တလေးက ဧည့်သည်တွေ မွန်ပြည်နယ်ကို လာလည်ကြပြီဆို အပေါ်ဈေးက အသုပ်ဆိုင်တန်းမှာ ငါးမန်းသားရေသုပ်လာစားကြလေ့ရှိတယ်လို့ မော်လမြိုင် အပေါ်ဈေးမှာ ငါးမန်းသားရေသုပ်ကို နှစ်ပေါင်း ၂၀ ကျော်ရောင်းချလာသူ ဈေးသည်တစ်ဦးက ပြောပါတယ်။

ငါးမန်းသားရေသုပ်မှာသုံးတဲ့ ငါးမန်းဆိုတာ

ငါးမန်းသားရေသုပ်မှာ အသုံးပြုတဲ့ ငါးမန်းဆိုတာ ပင်လယ်ပြင်မှာကျင်လည်ကျက်စားတဲ့ အသားစားငါးမန်းအမျိုးအစားတော့မဟုတ်ပါဘူး။ သဲသောင်ပြင်မှာ ကျင်လည်ကျက်စားတဲ့ သဲစားငါးမန်းဖြစ်ပါတယ်။ ငါးမန်းသားရေသုပ်ရာမှာ အသုံးပြုတာက ငါးမန်းသားရေသုပ်အခြောက်ဖြစ်ပြီး မြိတ်၊ထားဝယ်ဘက်က ထွက်ရှိတာဖြစ်ပါတယ်။ ငါးမန်းသားရေကို နေပူလှန်းအခြောက်ခံကာ ရရှိလာတဲ့ ငါးမန်းသားရေခြောက်တွေကို ပါကင်ထုတ်ပိုးပြီး မော်လမြိုင်ဘက်ကို ဖြန့်ဝေတာဖြစ်ပါတယ်။

ငါးမန်းသားရေကို သန့်စင်အောင် ဘယ်လိုပြုတ်မလဲ

ငါးမန်းသားရေခြောက်ကို ရေနွေးဆူဆူထဲ ထည့်ပြုတ်ပါ။ သားရေပါးရင်တော့ မြန်မြန်နူးပြီး သားရေထူရင်တော့ ပြုတ်ရတာနည်းနည်းကြာပါတယ်။ ငါးမန်းသားရေက အမျိုးအစားအမျိုးမျိုးရှိပါတယ်။ တစ်ချို့ ငါးမန်းတွေမှာကျောက်တွေပါရင် ခြစ်ထုတ်ရပါတယ်။ အဓိက အရေးကြီးဆုံးက ငါးမန်းသားရေခြောက်မှာ သဲတွေ ပါနေတာပါ။ ငါးမန်းသားရေခြောက်ကို ရေနွေးဆူဆူနဲ့ ပြုတ်ပြီး ရေနဲ့ ပြန်စစ်ပါ။ ပါလာတဲ့ သဲတွေကို လုံးဝစင်ကြယ်အောင် ဆေးပါ။ သဲဆေးတဲ့အခါ စိတ်ရှည်ရှည်ထားပြီးဆေးဖို့ လိုအပ်ပါတယ်။ သဲစတစ်စမှ မကျန်သင့်ပါဘူး။ အသုပ်သုပ်တဲ့အခါ ငါးမန်းသားရေခြောက်ထဲ သဲစပါသွားရင်  လုံးဝစားမကောင်းတဲ့အတွက် သဲစတွေ လုံးဝသန့်စင်နေဖို့ လိုပါတယ်။

ငါးမန်းသားရေသုပ်အတွက် လိုအပ်တဲ့ ပစ္စည်းများ

နူးအောင်ပြုတ်ပြီး သန့်စင်ထားတဲ့ ငါးမန်းသားရေ၊ ဂေါ်ဖီပါးပါးလှီးထားတဲ့ ကြက်သွန်နီ၊ ရှောက်သီး အချဥ◌်ရည် လိုအပ်ပါတယ်။ အသုပ်သုပ်ရာမှာ အသုံးပြုတဲ့ ပဲမှုန့်၊ အချို့မှုန့်၊ ငရုတ်သီးမှုန့်အကျက်၊ဆီချက်၊ ငံပြာရည်နဲ့ ရှောက်ရွက်တို့လည်းလိုအပ်ပါတယ်။

ငါးမန်းသားရေသုပ်ကို အိမ်မှာပဲ အလွယ်တကူလုပ်စားကြမယ်

ပါးပါးလှီးထားတဲ့ ငါးမန်းသားရေကို ဂေါ်ဖီ၊ကြက်သွန်နီ၊ ပဲမှုန့်၊ ငံပြာရည်၊ ကြက်သွန်ဖြူဆီချက်၊ ငရုတ်သီးအကျက်မှုန့်လေးနဲ့ ရောနယ်ပြီး ရှောက်ရွက်ပါးပါးလေးလှီးကာ ရှောက်သီးအချဥ◌်ရည်ညှစ်ပြီး  သုပ်စားရတာဖြစ်ပါတယ်။ သုပ်နည်းလေးက လွယ်ကူတာကြောင့် ငါးမန်းသားရေခြောက် မှာယူပြီးတော့ အိမ်မှာပဲ အလွယ်တကူလုပ်စားကြည့်ကြရအောင်။ ငါးမန်းသားရေကိုတော့ မွန်ပြည်နယ်၊မြို့ကြီးတွေကဈေးတွေမှာ ရှာဖွေဝယ်ယူနိုင်သလို မြန်မာနိုင်ငံရဲ့မြို့ကြီးတချို့မှာလည်းအွန်လိုင်းကနေမှာယူနိုင်တာကိုတွေ့ရပါတယ်။



Share

Loading Next Article...
က္က