ဥရောပဈေးကွက်ထဲ ဝင်တော့မှာပါ

တစ်နာရီ ၂၈ မိုင်နှုန်းနဲ့ ပြေးနိုင်မယ့် နယ်သာလန်ထုတ် နေစွမ်းအင်သုံး လျှပ်စစ်ကားငယ်ကို ဥရောပမှာ Pre-Order မှာယူနိုင်ပြီလို့ ဆိုပါတယ်။ 

ဒတ်ချ် လျှပ်စစ်ယာဉ်ထုတ်လုပ်ရေး Startup တစ်ခုဖြစ်တဲ့ Squad Mobility ကနေ Squad ဆိုတဲ့ နေရောင်ခြည်စွမ်းအင်သုံး ကားတစ်မျိုး ထုတ်လုပ်ထားတာပါ။ Squad ဟာ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်ဖက်ပြီး မြို့တွင်းသွား ပေါ့ပေါ့ပါးပါး ယာဉ်အဖြစ် ဒီဇိုင်းထုတ်ထားတာပါ။ ဂေါက်ကွင်းသုံးကားငယ်လေးနဲ့ ဆင်ပြီး ကားအတွင်းခန်းမှာ နှစ်ယောက်ထိုင်စရာ နေရာပေးထားပါတယ်။ 



Photo: Business Insider


လူရှုပ်ထွေးပြီး ပါကင်ထိုးရခက်တဲ့ နေရာတွေမှာ ဒီနှစ်ယောက်စီးယာဉ်လေးတွေဟာ အသာလေး ပါကင်ထိုးနိုင် ၊ လိုရာခရီး သွားလာနိုင်မှာ ဖြစ်ပါတယ်။ တစ်နာရီ ၄၅ ကီလိုမီတာ (၂၈ မိုင်နှုန်း) အထိ အရှိန်တင်မောင်းနှင်နိုင်ပြီး အားအပြည့်ရှိချိန် ၆၂ မိုင်အထိ မောင်းနှင်နိုင်မယ်လို့လည်း ဆိုပါတယ်။ စွမ်းအင်အတွက် ယာဉ်အမိုးမှာ Solar Panel တစ်ခု တပ်ဆင်ထားသလို နေရောင်ခြည် ရရှိမှုပေါ် လိုက်ပြီး နေ့စဉ်မောင်းနှင်မှုမှာ ကီလို ၂၀ (၁၂ မိုင်ခန့်) ပိုသွားနိုင်မယ်လို့လည်း ကုမ္ပဏီက ကြေညာပါတယ်။ 

ဆိုလာအမိုးပြားကြောင့် နေရောင်အောက် ကားရပ်ထားချိန်မှာ အလိုအလျောက် အားသွင်းနိုင်မှာ ဖြစ်ပြီး ပုံမှန်အားသွင်းမှုကိုတော့ 240 Volts Outlet နဲ့ အားသွင်းတာ ဒါမှမဟုတ် ဖြုတ်တပ်ဖယ်ရှားနိုင်တဲ့ ဘက်ထရီတွေကြောင့် အိမ်ထဲ ဘက်ထရီဖြုတ်ယူပြီး သီးသန့်အားသွင်းတာမျိုးလည်း လုပ်နိုင်ပါတယ်။ Squad Mobility ကုမ္ပဏီအနေနဲ့ ဒီယာဉ်ကို ကားအငှားလုပ်ငန်းတွေအတွက် ရည်ရွယ်ပြီး ဒီဇိုင်းထုတ်ထားတယ်လို့ ဆိုပါတယ်။ 


Photo: cleantechnica

နောက်ပိုင်းမှာ Squad ကားတွေကို စမတ်ဖုန်း App ကနေ တစ်ဆင့် ငှားရမ်းတာ ၊ ကားတည်နေရာ ရှာတာမျိုးလည်း လုပ်ဆောင်နိုင်ဖို့ စီစဉ်ထားပါတယ်။ အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းတွေအတွက်လည်း ပိုလွယ်ကူချောမွေ့စေဖို့ ဘက်ထရီလဲနိုင်မယ့် ဘက်ထရီအားသွင်းပစ္စည်းတစ်မျိုး ရောင်းချဖို့ပါ စီစဉ်နေပါတယ်။ ကားအရွယ်အစား သေးပေမယ့် အတွင်းမှာ ပစ္စည်းအတော်အတန်သယ်နိုင်မယ့် နေရာပါသလို USB Port ပေါက်တစ်ခု ၊ စမတ်ဖုန်းထည့်ဖို့ နေရာ စသည်ဖြင့်ပါ ထည့်သွင်းစီမံထားပါတယ်။ 

L6e ယာဉ်အမျိုးအစား ဖြစ်လို့ အသက် ၁၆ နှစ်နဲ့အထက် ယာဉ်မောင်းလိုင်စင်မရှိသူတွေပါ မောင်းနှင်နိုင်မှာပါ။ Squad EV ယာဉ်ငယ်ကို လာမယ့် ၂၀၂၃ ခုနှစ်အတွင်း ဥရောပဈေးကွက်မှာ ဒေါ်လာ ၆၅၀၀ ဝန်းကျင် (မြန်မာငွေ သိန်း ၁၂၀ ကျော်) ဈေးနဲ့ ရောင်းချသွားဖို့လည်း ပြင်ထားပါတယ်။ ကုမ္ပဏီအနေနဲ့ ၁ လ ယူရို ၁၀၀ နှုန်းနဲ့လည်း ငှားနိုင်အောင် စီစဉ်နေတယ်လို့ ဆိုပါတယ်။ 

Share

Loading Next Article...
က္က