ကျင်စန်းကျော့ဂိတ်ကနေ တရုတ်ဘက်ကို တင်ပို့ဖို့အတွက် မြန်မာဘက်မှာ စောင့်ဆိုင်းနေတဲ့ ဖရဲသီးကားတွေ အတော်များများ ပျက်စီးမှုတွေဖြစ်ပေါ်နေတယ်လို့ ကားသမား တွေဆီကသိရပါတယ်။
လက်ရှိမှာဆိုရင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ဖရဲသီးအရောင်းကွင်းအပါအဝင် ရွှေလွယ်အင်ကားချိန်းကွင်းမှာ တရုတ်ဘက်ကိုသွားဖို့စောင့်နေတဲ့ ဖရဲသီးကားပေါင်း ရာနဲ့ချီရှိနေပြီး ကားပေါ်ကဖရဲသီးတွေပျက်စီးနေတယ်လို့သိရပါတယ်။
"ဖရဲသီးကားတွေကအရည်တွေတအားထွက်နေပြီ၊ချိန်းကားမရှိတော့အရမ်းနည်းတော့အဆင်မပြေဘူးပြောရမယ်။ ဖရဲသီးကားတော်တာ်များများကို အရည်ထွက်နေပြီ၊ရေထိုးထားသလိုကို ဖြစ်နေတာ။ ကားတွေ ၁၀၅ မိုင်မှာလည်း စောင့်နေတာ အများကြီး၊ဒါကိုလည်းဖရဲကားတွေက နေတိုင်းတိုးလာနေတယ် " လို့ ဖရဲသီးကုန်တင်ကားမောင်းသူတစ်ဦးကပြောပါတယ်။
ဓာတ်ပုံ - ကုန်ကားမောင်းသူ တစ်ဦး
ဒါကြောင့် ဖရဲသီးကုန်သည်တချို့ကတော့ ကားပေါ်ပါ ဖရဲသီးအခြေအနေကို ကြည့်ပြီး မူဆယ် ၁၀၅ မိုင်ကနေ လားရှိုး ကိုပြန်သယ်သွားပြီးရောင်းချတာမျိုးလုပ်နေကြသလို၊ နီးစပ်ရာမူဆယ်မြို့မှာပဲ လက်လီရောင်းချနေတာမျိုးလည်း ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင်ပြီးခဲ့တဲ့ရက်တွေတုန်းက တရုတ် ဝမ်တိန်ဘက်ကို ရောက်ရှိထားပြီးဖြစ်တဲ့ ဖရဲသီးကားတွေအနေနဲ့လည်း သစ်သီးရောင်းကွင်းထဲကိုမရောက်ရှိသေးပါဘူး။ တရုတ်နိုင်ငံဘက်မှာအမှန်တကယ်ကုန်ကျမယ့်ကုန်ကျစရိတ်အခြေအနေနဲ့ တရုတ်နိုင်ငံအကောက်ခွန်စနစ်အပြောင်းအလဲကို စောင့်ဆိုင်းနေရတာကြောင့် ကြန့်ကြာနေရတယ်လို့ သိရပါတယ်။
" ကိုယ့်ဖရဲသီးအခြေအနေကိုယ် အမြဲစောင့်ကြည့်နေရတယ်။ အထားမခံလောက်တော့ဘူးဆိုရင် နောက်ပြန်လှည့်ပြီး ချရောင်းရမှာပဲ။ အခုကို ဖရဲသီးတွေအတော်ပျက်စီးနေကြပြီ၊ ၃ ရက်နေ့အထိ ဝမ်တိန်ဘက်ရောက်နေတဲ့ ဖရဲကား ၂၀ ကျော်အရောင်းကွင်းထဲမရောက်သေးဘူးလို့သိရတယ်။ ဒါကိုလည်း ဖရဲကားတွေက နေ့တိုင်းကိုတက်လာနေကြတယ် " လို့ ကုန်သည်တစ်ဥိးကပြောပါတယ်။
ကျင်စန့်ကျော့ ရွှေလွယ်အင်ကွင်းမှာ အသီးကား ၅၀ နဲ့အထက်မှာရှိနေပြီး ခေါက်တိုကားတွေလည်းမရသေးတာကြောင့် လတ်တလောမှာ ၁၀၅ မိုင် သစ်သီးကွင်းမှာရောက်ရှိနေတဲ့ သစ်သီးကားတွေကို ကျင်စန့်ကျော့ကို ဆင်းရန် ယာယီရပ်နားထားတယ်လို့ သိရပါတယ်။
ကျင့်စန်းကျော့ဂိတ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့ကစပြီး ကွန်တိန်နာ ၅ ခုနဲ့ နှစ်နိုင်ငံကုန်သွယ်ခွင့်ပြုခဲ့တာဖြစ်ကြောင်း၊ ကွန်တိန်နာ ၅ လုံးနဲ့ကုန်သွယ်မှုမှာ တရုတ်ဘက်က လျပ်စစ်ပစ္စည်း၊အိမ်ဆောက်ပစ္စည်း၊စားသောက်ကုန်တွေကို မြန်မာ ဘက်သို့ အဓိကတင်သွင်းနေတယ်လို့သိရပါတယ်။
ကုန်ပစ္စည်း သယ်ယူဖို့ အတွက် ကွန်တိန်နာကုမ္ပဏီဖြစ်တဲ့ ရွှေလွယ်အင် ကုမ္ပဏီကို အပ်ထားကြောင်း၊ ကုမ္ပဏီကနေ ယာဉ်မောင်းက ppe ဝတ်စုံဝတ်ဆင်ပြီး ပစ္စည်းကိုကားနဲ့မောင်းပြီးသယ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။
တရုတ် မြန်မာနယ်စပ်ဂိတ်တွေထဲမှာ ကျင့်စန်းကျော့ဂိတ်တစ်ခုထဲကိုသာ ပြန်လည်ဖွင့်လှစ်တာဖြစ်ပြီး ကျန်တဲ့နယ်စပ်ဂိတ်တွေကို ခုချိန်ထိပိတ်ထားဆဲဖြစ်ပါတယ်။
Share