အီတလီဘောလုံးပရိသတ်တွေကတော့ သူတို့ရဲ့ ဂန္တဝင်ဂိုးသမားကြီး ဘူဖွန်ကို ကစားသမားဘဝကနေ အနားယူဖို့ ဝိုင်းဝန်းတောင်းဆိုနေကြပါတယ်။ အသက် (၄၄) နှစ်အရွယ် ဒီဂိုးသမားကြီးဟာ မနေ့ညက ပီရူးဂျီယာနဲ့ စီးရီးဘီပွဲမှာ ဆိုးရွားတဲ့ အမှားကို ကျူးလွန်မိခဲ့တာပါ။

ဒီပွဲမှာ ဘူဖွန်ရဲ့ ပါးမားက ပီရူးဂျီယာကို အဝေးကွင်းမှာ ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ပွဲအစ (၇) မိနစ်အတွင်းမှာတင် ဘူဖွန်အသင်းခေါင်းဆောင်အဖြစ် ကစားနေတဲ့ ပါးမားက ၂-၁ ဂိုးနဲ့ ရှုံးနိမ့်နေခဲ့တာဖြစ်ပါတယ်။ ပွဲကစားချိန် (၅) မိနစ်မှာ ပင်နယ်တီကတဆင့် ဦးဆောင်ဂိုးပေးခဲ့ရတဲ့ ပါးမားက နောက် (၁) မိနစ်အကျော်မှာတင် ဘူဖွန်ရဲ့ အမှားကြောင့် ဒုတိယဂိုး ဆက်တိုက်ပေးခဲ့ရတာပါ။
ဘူဖွန်ဟာ ဖိအားအရမ်းမများတဲ့ အနေအထားမှာ သူ့ရဲ့ ဘယ်ခြေနဲ့ ဘောလုံးကို ချော်ကန်မိခဲ့တာဖြစ်ပြီး ဒီဘောလုံးက သူ့ဂိုးဘက်ကို ပြန်ဦးတည်သွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အရှိန်နဲ့ပါလာတဲ့ ပြိုင်ဘက်တိုက်စစ်မှူး အိုလီဗီရီက လွတ်လွတ်ကျွတ်ကျွတ်ပဲ ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။
ဒါဟာ ဘူဖွန်ရဲ့ ကစားသမားဘဝတလျှောက် အဆိုးရွားဆုံး အမှားအယွင်းလို့လည်း ပရိသတ်တွေက သုံးသပ်နေကြပါတယ်။ ဘူဖွန်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ သူ့ရဲ့ ငယ်ဘဝအသင်းဟောင်း ပါးမားကို ပြန်လည် ရောက်ရှိလာခဲ့ပြီး အသင်းခေါင်းဆောင်အဖြစ် ချက်ချင်းခန့်အပ်ခဲ့တာပါ။
ဒါပေမယ့် ပီရူးဂျီယာနဲ့ပွဲက ဘူဖွန်ရဲ့အမှားကို မြင်ခဲ့တဲ့နောက် ပရိသတ်တွေက “ဘူဖွန်အတွက် အနားယူသင့်တဲ့အချိန်က ဘယ်အချိန်လဲ? ဘူဖွန်က တော်တော်လေးကို ပင်ပန်းနေပါပြီ” “ဘူဖွန်ရေ။ ခင်ဗျားက ဂန္တဝင်တယောက်ဖြစ်ပြီးသားပါ။ ကျေးဇူးပြုပြီး အနားယူပါတော့။ ပြီးရင် မာခီစီယိုလိုမျိုး ရုပ်သံတင်ဆက်သူသာ လုပ်ပါတော့” လို့ အနားယူဖို့ အမျိုးမျိုး ဝေဖန်ခဲ့ကြပါတယ်။