ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ရဲ့ နောက်ဆုံးရက်မှာ အက်သလက်တီကို တိုက်စစ်ကစားသမား ယာအိုဖီးလစ်က ဘာစီလိုနာကို အငှားနဲ့ ပြောင်းရွှေ့ကစားခဲ့ပါတယ်။ ဒါဟာ ကစားသမားရဲ့ ဆန္ဒဖြစ်ခဲ့ပြီး ဘာစီလိုနာက ဖီးလစ်ကို ခေါ်ယူတဲ့အတွက် အငှားခေါ်ယူကြေး တစ်စုံတစ်ရာ ပေးချေခဲ့ရခြင်းမရှိပါဘူး။
ဒါပေမယ့် ဖီးလစ်ရဲ့ အငှားစာချုပ်မှာ အပြီးသတ်ခေါ်ယူခွင့် မပါရှိပါဘူး။ ဒါ့အပြင် ဒီအပြောင်းအရွှေ့က ကစားသမားအတွက်ရော၊ နှစ်ဖက်အသင်းအတွက်ပါ အန္တရာယ်များခဲ့တဲ့ အပြောင်းအရွှေ့ဖြစ်ကြောင်း သတင်းတွေက ဖော်ပြနေကြပါတယ်။
ဖီးလစ်ဟာ ဆော်ဒီကလပ်တွေအပါအဝင် ပိုမိုကောင်းမွန်တဲ့ ကမ်းလှမ်းမှုတွေကို ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ဖီးလစ်က ဘာစီလိုနာမှာ ကစားချင်တာကြောင့် တစ်နှစ်မှ ယူရို (၄) သိန်းရရှိမယ့် ကမ်းလှမ်းမှုကို လက်ခံခဲ့ပါတယ်။ အသင်း ဆုဖလားတွေရရှိရင်တော့ အပိုဆုကြေး ထပ်မံရရှိမယ့် အချက်ကိုလည်း ထည့်သွင်း စာချုပ်ချုပ်ဆိုထားပါတယ်။
တစ်ဖက်မှာလည်း ဘာစီလိုနာက ဥက္ကဌလာပေါ်တာအကြိုက် ဖီးလစ်ကို အရခေါ်ယူခဲ့တာဖြစ်ပြီး အခုချိန်မှာ အငှားခေါ်ယူခ တစ်စုံတစ်ရာ ပေးချေရခြင်းမရှိသည့်တိုင် အပြီးသတ် ခေါ်ယူဖို့ ကြိုးစားချိန်မှာ ပုံမှန်ထက် ပိုမိုများပြားတဲ့ ပြောင်းရွှေ့ကြေး ပမာဏတစ်ရပ်ကို ပေးချေရမှာဖြစ်ပါတယ်။
အက်သလက်တီကိုကလည်း ဖီးလစ်ကို (၂၀၂၉) ခုနှစ်အထိ စာချုပ် သက်တမ်းတိုးထားပြီး ဘာစီလိုနာကသာ ဖီးလစ်ကို အပြီးသတ် မခေါ်ယူနိုင်ဘူးဆိုရင် ဒီတစ်ရာသီအတွက် လုပ်ခလစာတွေကို လက်ကျန်စာချုပ်သက်တမ်းမှာ ထပ်ပေါင်း ပေးချေရဖို့ရှိပါတယ်။ ဒါပေမယ့်လည်း အက်သလက်တီကို တာဝန်ရှိသူတွေဘက်ကတော့ ဖီးလစ်တစ်ယောက် ဘာစီလိုနာမှာ ကစားရင်း ဈေးကွက်တန်ဖိုး ပိုမိုမြင့်တက်လာဖို့ မျှော်လင့်ထားကြောင်းလည်း သိရှိရပါတယ်။