ဒီကနေ့ နေ့လည် (၂)နာရီ တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနဲ့ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့မှာ ဖြစ်ပေါ်လျှက်ရှိတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဆက်လက်တည်ရှိနေတယ်လို့ သိရပါတယ်။
အဆိုပါ လေဖိအားနည်းရပ်ဝန်းဟာ မေလ(၁၅)ရက်နေ့မှာ မုန်တိုင်းငယ်အဆင့်ရောက်ရှိလာနိုင်ပြီး (၁၆)ရက်နေ့မှာတော့ ဆိုင်ကလုန်း မုန်တိုင်းအဆင့်ကို ရောက်ရှိလာနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။
Photo- မေလ ၁၁ ရက်နေ့က မန္တလေးမှာ မိုးသက်လေပြင်းကျပြီး သစ်ပင်များလဲပြိုကျခဲ့သည်ကို မြင်ရစဉ်။
“ လက်ရှိဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက ပိုမိုအားကောင်းလာနိုင်ပြီး (၄၈)နာရီအတွင်းမှာ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ကိုရောက်ရှိလာနိုင်တယ်။ မုန်တိုင်းဖြစ်ပေါ်လာရင် မြန်မာနိုင်ငံကိုလည်း သက်ရောက်မှုတွေရှိလာနိုင်တယ်။အဓိက ကတော့ ရန်ခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွေနဲ့ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်မှာ အထူးဂရုပြုဖို့လိုပါတယ်။ တိုင်းနဲ့ပြည်နယ်အလိုက်ကတော့ မိုးသက်လေပြင်းတိုက်ခတ်တာတွေဘာတွေရှိလာနိုင်ပါ” လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက Duwun ကိုပြောပါတယ်။
လက်ရှိမုန်တိုင်းအခြေအနေက အင်္ဂလားဒေ့လ်၊ အိန္ဒိယနဲ့ မြန်မာနိုင်ငံကို သက်ရောက်မှုတွေရှိနိုင်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံအတွင်း မနက်ဖြန်အထိ မိုးလေဝသခန့်မှန်းချက်မှာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့မှာ နေရာကျဲကျဲမိုးရွာနိုင်ပြီး ကျန်တိုင်းဒေသကြီးအသီးသီးမှာတော့ နေရာကွက်ကျား မိုးကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမးလွန်ပင်လယ်ပြင်တို့မှာတော့ လှိုင်းအမြင့်မှာ (၅)ပေမှ (၇)ပေခန့်ရှိနိုင်တယ်လို့ သိရပါတယ်။