သမ္မတဂျိုးဘိုင်ဒင်ဦးဆောင်တဲ့ အမေရိကန်အစိုးရအဖွဲ့ဟာ လူတိုင်း မြန်နှုန်းမြင့်အင်တာနက် အသုံးပြုနိုင်ရေးအတွက် ဒေါ်လာ ၄၅ ဘီလျံ သုံးစွဲသွားမယ်လို့ ကြေညာပါတယ်။
လာမယ့် ၂၀၃၀ မှာ အမေရိကန်နိုင်ငံသားတိုင်း အသုံးပြုနိုင်မယ့် ဈေးနှုန်းသင့်တင့်ပြီး စိတ်ချရတဲ့ မြန်နှုန်းမြင့် Broadband အင်တာနက်ဝန်ဆောင်မှု အသုံးပြုနိုင်ရေးအတွက် အမေရိကန်အစိုးရအဖွဲ့က ဒေါ်လာ ၄၅ ဘီလျံတန် စီမံကိန်းကို စတင်လိုက်တာ ဖြစ်ပါတယ်။ အမေရိကန်အစိုးရအဖွဲ့ရဲ့ Internet For All ရံပုံငွေ အစီအစဉ်ဟာ ဒေါ်လာ ၁ ထရီလီယံတန် နှစ်ဖက်ပါတီသဘောတူညီချက်ရ အခြေခံအဆောက်အဦဥပဒေ Bipartisan Infrastructure Law ထဲက Broadband အတွက် လျာထားတဲ့ ဒေါ်လာ ၆၅ ဘီလျံတန် ရံပုံငွေအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။

Internet For All ပရိုဂရမ်ကနေ Broadband Equity ၊ Access & Deployment (BEAD) အစီအစဉ် (ဒေါ်လာ ၄၂.၅ ဘီလျံ) ၊ Enabling Middle Mile Broadband Infrastructure Program (ဒေါ်လာ ၁ ဘီလျံ) နဲ့ State Digital Equity Act Programs (ဒေါ်လာ ၁.၅ ဘီလျံ) ဆိုပြီး ရံပုံငွေ အစီအစဉ် ၃ ရပ်ချသွားမှာပါ။ BEAD Program မှာ ပါဝင်ဖို့ ပြည်နယ်နဲ့ တခြားအဖွဲ့အစည်းတွေဟာ ရံပုံငွေ စီမံကိန်းအတွက် ဘတ်ဂျက်တစ်ခုနဲ့ လျှောက်ထားလိုကြောင်း စာတစ်စောင် တင်သွင်းရမယ်လို့ ဆိုပါတယ်။
ကိုက်ညီတဲ့ အဖွဲ့အစည်းတွေဟာ ၅ နှစ်စီမံကိန်းအတွက် ရံပုံငွေစီမံကိန်းမှာ ဒေါ်လာ ၅ သန်း ရရှိမယ်လို့လည်း ဆိုပါတယ်။ BEAD Program မှာ ပါဝင်မယ့် ပြည်နယ်တစ်ခုချင်းစီဟာ ရံပုံငွေကနေ ဒေါ်လာ သန်း ၁၀၀ ကျော် ရရှိမှာ ဖြစ်ပြီး ရံပုံငွေ ခွဲဝေမှုကိုလည်း လက်ရှိ Broadband ကွန်ရက်လွှမ်းခြုံမှုမြေပုံပေါ် အခြေခံပြီး ဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။ Broadband လွှမ်းခြုံမှုပြမြေပုံကို ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင်အနေနဲ့ ဒီနှစ် ဆောင်းရာသီမှာ ဖြန့်ချိဖို့ ရှိပါတယ်။
ဒေါ်လာ ၁ ဘီလျံ ရံပုံငွေခွဲပေးမယ့် အစီအစဉ်မှာ နည်းပညာလိုအပ်ချက်နဲ့ ကိုက်ညီပြီး ဈေးပြိုင်စနစ် အခြေခံနဲ့ ခွဲပေးသွားမှာပါ။ ဒီအစီအစဉ်မှာတော့ ဝေးကွာလှတဲ့ ဒေသတွေကို မြန်နှုန်းမြင့် ဒေတာအများအပြား သယ်ယူပို့ဆောင်ပေးနိုင်မယ့် အခြေခံအဆောက်အဦဆိုင်ရာ ပစ္စည်းအစိတ်အပိုင်းတွေ ဝယ်ယူတည်ဆောက်မြှင့်တင်ဖို့ ရံပုံငွေ ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒေါ်လာ ၁.၅ ဘီလျံတန် အစီအစဉ်ဟာ ဒီဂျစ်တယ်တတ်မြောက်ရေး လေ့ကျင့်သင်ကြားပေးမှု အကူအညီနဲ့ အင်တာနက်ဘေးကင်းလုံခြုံရေးအတွက် ဒီဇိုင်းဆွဲထားတာပါ။
သမ္မတဂျိုးဘိုင်ဒန်ရဲ့ Bipartisan Infrastructure Law ကြောင့် အမေရိကန်တွေဟာ မြန်နှုန်းမြင့်အင်တာနက်ရဖို့ နောက်ကျကျန်ခဲ့တော့မှာ မဟုတ်ဘူးလို့ စီးပွားကူးသန်းအတွင်းဝန် ဂီနာ ရိုင်မွန်ဒိုက ဆိုပါတယ်။ “အမေရိကန်တိုင်း ကျောင်းတက်နိုင် ၊ လုပ်ငန်းအသေးလေးတစ်ခု စတင်နိုင် ၊ ဆရာဝန်နဲ့ တွေ့ဆုံနို်ပြီး ခေတ်သစ်စီးပွားရေးမှာ ပါဝင်နိုင်မယ့် နည်းပညာတွေ သုံးစွဲနိုင်အောင် လုပ်ဆောင်သွားမယ်” လို့ သူမက ဆိုပါတယ်။
နိုင်ငံသားတိုင်း အင်တာနက်အသုံးပြုနိုင်ရေးအတွက် ပြည်နယ်တွေဟာ ရံပုံငွေကို အသုံးပြုပြီး Fiber-Optic Cables တွေ သွယ်တန်းတာ ၊ အခမဲ့Broadband အင်တာနက် ရဖို့ WiFi ကွန်ရက်တွေ နေရာတိုး ထပ်ချဲ့တာမျိုးတေါ လုပ်ရမှာ ဖြစ်ပါတယ်။