• Featured

    နာမည်ကြီးတွေများနေတိုင်း အောင်မြင်နိုင်ဖို့ လမ်းမမြင်သေးတဲ့ PSG

PSG ကတော့ ရန်းနက်စ်ကို အဝေးကွင်းမှာရှုံးနိမ့်ခဲ့တာပါ။

ဒီညနေ တစ်ပွဲရှုံးတာနဲ့ ဒီလိုပြောတာတော့ မကောင်းဘူးလို့ တွေးမိကြမှာပဲ။ ဒါပေမယ့် PSG ရဲ့အနေအထားက ရှေ့ပွဲတွေမှာတည်းက အမှတ်လျော့နိုင်ခြေ အင်မတန်များခဲ့ပါတယ်။ ဒါပေမယ့် ပွဲကိုအဆုံးအဖြတ်ပေးနိုင်တဲ့ ကစားသမားတွေက ချိန်သားကိုက်ရှိနေခဲ့တာ၊ ကံကောင်းလွန်းခဲ့တာတွေကြောင့် ဒီနေ့ပွဲမှ ထရှုံးခဲ့၊ အမှတ်လျော့ခဲ့တယ်လို့ ပြောရင်မလွန်ပါဘူး။

 
image

PSG တို့ပွဲထုတ်လာခဲ့တဲ့ လူစာရင်းက တော်တော်ကြီးကို ကြောက်ဖို့ကောင်းတဲ့လူစာရင်းပါ။ မက်ဆီ၊ နေမာ၊ အမ်ဘာပေ၊ ဒီမာရီယာ၊ ဗာရက်တီ၊ ဟာကီမီ၊ ဒွန်နာရမ်မာတို့ပါဝင်နေတဲ့ ဒီပွဲထွက်ကစားသမားစာရင်းက ကမ္ဘာပေါ်က ဘယ်အသင်းထက်မဆို ခေါင်းတစ်လုံးမကသာပါတယ်။ ဒီလူစာရင်းနဲ့ပဲ ရန်းနက်စ်ကို အဝေးကွင်းမှာရှုံးခဲ့ပါတယ်။ ဂိုးပေါက်တည့်အောင် တစ်ကြိမ်တောင် မခြိမ်းခြောက်နိုင်ဘူးလို့လည်း ESPN က ဆိုပါတယ်။

ပိုချက်တီနိုရဲ့အသင်းက နိုင်ပွဲတွေရဖို့ ရုန်းကန်နေရတယ်။ အခု ရန်းနက်စ်ကို ရှုံးတဲ့ပွဲက ဒီရာသီမှာ သူတို့အတွက် လိဂ်ပွဲပထမဆုံးရှုံးပွဲပါ။ ဒါပေမယ့် PSG က ဒီမတိုင်ခင် ကစားခဲ့တဲ့ပွဲတွေမှာ ပြိုင်ဘက်ရဲ့ကျစ်လျစ်သိပ်သည်းတဲ့ ကစားဟန်နဲ့တွေ့တိုင်း ရုန်းကန်ခဲ့ရပါတယ်။ ဂိုးရဖို့ခက်ခဲ့တယ်၊ ဂိုးတွေ အလွယ်တကူပေးခဲ့ရတာတွေလည်းရှိခဲ့ပါတယ်။

နောက်ပိုင်း လိဂ်ပွဲတွေမှာ PSG က နောက်ကျအနိုင်ဂိုးတွေ၊ နောက်ကျသွင်းဂိုးတွေ တော်တော်များလာတယ်။ ဒါက တိုက်ဆိုင်မှုတစ်ခု၊ ကံကောင်းမှုတစ်ခုလို့မဆိုနိုင်ပါဘူး။ PSG က သိပ်ကိုကောင်းပါတယ်ဆိုတဲ့ ကမ္ဘာကျော်ကစားသမားတွေကို ပိုင်ဆိုင်ထားပေမယ့် အသင်းလိုက်ဟန်ချက်နဲ့ ကစားသမားတွေအကြားနားလည်မှုက မတိုးတက်လာသေးဘူး။ မက်ဆီနဲ့နေမာက ဘာစီလိုနာမှာတည်းက ကွင်းတွင်း၊ ကွင်းပြင်မှာ သိပ်ကောင်းတဲ့ Relationship တစ်ခုကို တည်ဆောက်ထားတယ်။

ဒါပေမယ့် နေမာနဲ့အမ်ဘာပေတို့ကြားမှာ ဒါမျိုးမမြင်ခဲ့ရဘူး။ အခု မက်ဆီရောက်လာချိန်မှာလည်း အမ်ဘာပေနဲ့ မက်ဆီ+နေမာတို့ကြားမှာ အရမ်းကြီးကောင်းတဲ့၊ ပရိသတ်တွေအတွက် ပြောလောက်စရာဖြစ်တဲ့ Jaw Drop Reaction မျိုးတွေ မမြင်တွေ့ရဘူး။ Diplomatic Way လောက်ပဲ လူမြင်ကောင်းရုံ၊ အရမ်းမဆိုးသွားရုံလောက်ပဲရှိတယ်။ ကွင်းပြင်ပမှာမပြောလိုပေမယ့် ကွင်းတွင်းမှာ အချိတ်အဆက်ပိုင်းတွေက ကွင်းဆက်ပြတ်နေသလို ခံစားရတုန်းပါ။ အမ်ဘာပေ အသင်းကထွက်ချင်နေတာလည်း ပါ,ပါလိမ့်မယ်။

မန်စီးတီးကိုနိုင်တဲ့ပွဲမှာ မက်ဆီရဲ့ဂိုးအတွက် အမ်ဘာပေနဲ့ အကောင်းဆုံး Build up လုပ်သွားတာမှန်ပေမယ့် ကောက်ရိုးမီးလို ထတောက်သွားတာပဲရှိတယ်။ သာမန်ထမင်းစား၊ ရေသောက်မဖြစ်သေးပါဘူး။ အခုဒီလိုပြောတာက မော်ဒန်ဘောလုံးလောကရဲ့ တောင်းဆိုမှုအပေါ်မှာ အခြေခံပါတယ်။ ပိုချက်တီနိုကိုယ်တိုင်က သူ့အတွက် အချိန်လိုအပ်သေးတယ်ဆိုတာကို ပြောပြီးသားပါ။ ဒါပေမယ့် ဒီလိုရုန်းကန်နေရတဲ့ပုံစံမျိုးကို အယ်လ်ခီလိုင်ဖီ ခဏခဏမြင်ချင်မှာမဟုတ်ပါဘူး။ မက်ဆီ၊ နေမာ၊ အမ်ဘာပေဆိုတဲ့ မျှော်လင့်ချက်နဲ့ PSG အပေါ် ပုံပြီးယုံစားနေတဲ့လူတွေ အများကြီးပါ။


ဒီလူတွေအတွက် ပိုချက်တီနိုလည်း ဘာမှမလုပ်ပြနိုင်သေးသလို ကစားသမားတွေလည်း ဘာမှမလုပ်ပြနိုင်သေးပါဘူး။ PSG မှာ တစ်ဦးချင်းမှာ အင်မတန်ထူးချွန်တဲ့ ကစားသမားတွေရှိပါတယ်။ ဒါပေမယ့် ဒီတစ်ဦးချင်းထူးချွန်တဲ့ ကစားသမားတွေက ‘တစ်ယောက်တစ်နေရာစိုးမိုးနေရုံနဲ့ အသင်းကအောင်မြင်မှုရမှာ မဟုတ်ပါဘူး။ PSG အတွက် ပြည်တွင်းလိဂ်က ပြေးမလွတ်ပါဘူး၊ အဓိက သူတို့လိုချင်တာ ချန်ပီယံလိဂ်ဖလားပါ။

မန်စီးတီးကိုနိုင်ခဲ့တယ်ဆိုပေမယ့် မန်စီးတီးက တော်တော်လေးအသာစီးကစားခဲ့ပြီး အုပ်စုတွင်း အင်အားအနည်းဆုံး ကလပ်ဘရုဂေးကို အဝေးကွင်းမှာ သရေကျခဲ့တယ်။ ချန်ပီယံလိဂ်မှာ နောက်ထပ်ရင်ဆိုင်ရမယ့်အသင်းက လိုက်ပ်ဇစ်ပါ။ အုပ်စုက လွတ်ကောင်းလွတ်နိုင်ပေမယ့် မဟာဗျူဟာအရ အရေးပါလာတဲ့အချိန်တွေ၊ သူတစ်ပြန် ကိုယ်တစ်ပြန် တိုက်စစ်ဖွင့်ချိန်မဟုတ်ဘဲ အမှားချောင်းကစားတဲ့အချိန်တွေမှာ ဒါတွေက သိသာလာပါလိမ့်မယ်။


ပိုချက်တီနိုရဲ့ Profile က ဒီလူစာရင်းကို ငြိမ်ဝပ်နေအောင် ထိန်းနိုင်ဖို့ လိုအပ်ချက် တော်တော်လေးများပါတယ်။ ဒါပိုချက်တီနိုရဲ့ လိုအပ်ချက်လို့ပဲ ပြောချင်ပါတယ်။ သူ့အပြစ်လို့ရော၊ ညံ့တယ်လို့ရော မပြောချင်ပါဘူး။

ဒီလိုကစားသမားတွေကို ထိန်းကျောင်းနိုင်ဖို့ဆိုတာက သူ့ရဲ့လုပ်နိုင်စွမ်းကို ကျော်နေတယ်လို့ သုံးသပ်မိလို့ပါ။ ဒီအတိုင်းဆို PSG မှာ ပိုချက်တီနိုရဲ့ အနာဂတ်လည်း မလှနိုင်ပါဘူး။ မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့ (၃) ယောက်အပြင် တစ်သင်းလုံး World Class ဖြစ်နေတဲ့အနေအထားကို ထိန်းကျောင်းနိုင်ဖို့က တော်ရုံနည်းပြလည်း မလုပ်နိုင်ပါဘူး။  

Share

Loading Next Article...
က္က