ဥရောပတတိယတန်းပြိုင်ပွဲကို ဆင်းကစားသွားရတော့မှာပါ။

လက်စတာစီးတီးနည်းပြ ဘရန်ဒန် ရော့ဂျားစ်ဟာ နာပိုလီအသင်းကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်က အသင်းရဲ့ ဆိုးရွားပြီး နုံချာတဲ့ ခံစစ်ကို ပြစ်တင်ဝေဖန်ခဲ့ပြီးနောက် ဥရောပရဲ့တတိယတန်းပြိုင်ပွဲဖြစ်တဲ့ ယူရိုပါကွန်းဖရင့်လိဂ်က ဘာလဲဆိုတာတောင် မသိဘူးလို့ ဝန်ခံပြောကြားခဲ့ပါတယ်။

လက်စတာစီးတီးအသင်းဟာ ကြာသပတေးနေ့ညမှာ အုပ်စု C ရဲ့ အုပ်စုဗိုလ်အဖြစ် ပွဲကို စတင်ခဲ့တာဖြစ်ပေမယ့် စပါးတပ် မော်စကိုက လီဂီယာ ဝါဆောကို ၁-၀ နဲ့ အနိုင်ရရှိပြီး နာပိုလီရဲ့အထက် အုပ်စုပထမနေရာကို တက်လှမ်းနိုင်ခဲ့ပြီး လက်စတာစီးတီးကတော့ အဆင့် ၃ နေရာကို ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။ လက်စတာစီးတီးဟာ လက်ရှိမှာတော့ ၎င်းတို့ရဲ့ ဥရောပပြိုင်ပွဲကို ဖေဖော်ဝါရီလမှာ ပြန်လည်ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး ယူရိုပါကွန်းဖရင့်လိဂ်ရဲ့ ၁၆ သင်းရှုံးထွက်အဆင့်တစ်နေရာအတွက် အဲဒီပြိုင်ပွဲရဲ့ အုပ်စုဒုတိယ ၈ သင်းထဲက တစ်သင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။



ယူရိုပါကွန်းဖရင့်လိဂ်ကို အနိုင်ရဖို့က အခုအချိန်မှာ ပထမဦးစားပေးဖြစ်နေပြီလားလို့ မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ ဘရန်ဒန် ရော့ဂျားစ်က BT Sport ကို "ကျွန်တော် ရိုးရိုးသားသားပဲ ပြောပါမယ်။ ကျွန်တော် ဒီပြိုင်ပွဲက ဘာလဲဆိုတာတောင် မသိပါဘူး။ ပြောရမယ်ဆိုရင်တော့ ကျွန်တော် ယူရိုပါလိဂ်နဲ့ ဒီအုပ်စုအဆင့်မှာ အနိုင်ရဖို့ကိုပဲ ဒါမှမဟုတ် ဒုတိယနေရာမှာ ရပ်တည်နိုင်အောင် အာရုံစိုက်ခဲ့တာပါ။ အဲဒီတော့ ဒီပြိုင်ပွဲကို လေးစားသမှုနဲ့ ပြောချင်တာက ဘာလဲဆိုတာ ကျွန်တော် မသေချာပါဘူး။ ဒါပေမယ့် သိပ်မကြာမီအချိန်အတွင်း သိအောင်လုပ်မယ်ဆိုတာ သေချာပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

နေပယ်စ်မှာ ကစားခဲ့တဲ့ပွဲစဉ် ပထမပိုင်းမှာ တစ်ဖက် ၂ ဂိုးစီနဲ့ ညီမျှနေခဲ့တာဖြစ်ပြီး အိမ်ရှင် နာပိုလီအသင်းက အဒမ် အောင်းနက်စ်၊ အီလစ်ဖ် အဲမက်စ်တို့ရဲ့ ဂိုးတွေနဲ့ ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်စတာစီးတီးအတွက် ဂျွန်နီ အီဗန်စ်နဲ့ အကယ်ဒမီထွက် လူငယ်ကစားသမား ကီယာနန် ဒူးဘယ်ရီဟောတို့က ပြန်လည်ချေပပေးခဲ့တာဖြစ်ပြီး အဲမက်စ်ကပဲ ဒုတိယပိုင်းအစောပိုင်းမှာ နာပိုလီအသင်းအတွက် နောက်ထပ်ဦးဆောင်ဂိုးကို ထပ်မံသွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

ပွဲမတိုင်မီ ပြောဆိုမှုအများစုမှာ လက်စတာစီးတီးက နာမကျန်းဖြစ်နေတဲ့ ကစားသမား ၇ ဦးအထိ ထားခဲ့ရတယ်လို့ သိရပြီး ရော့ဂျားစ်က အမည်မဖော်လိုတဲ့ကစားသမားအချို့ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က