လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ဒီတပတ် စပါးနဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်းမှာ သေချာပေါက် အနိုင်ယူပစ်ရမယ်လို့ ပြောကြားခဲ့ပါတယ်။ လီဗာပူးဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ ရှုံးထွက် (၁၆) သင်းအဆင့်ကို ရောက်ရှိခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။

နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်နှစ်ပွဲဆက်တိုက်မှာလည်း တန်းဆင်းဇုန်ထဲရောက်နေတဲ့ နော်တင်ဟမ်ဖောရက်စ်၊ လိဒ်စ်တို့ကို ရှုံးနိမ့်ခဲ့တာကြောင့် ဖိအားတွေနဲ့ ရင်ဆိုင်နေရဆဲပါ။ ဒီလိုအချိန်မျိုးမှာ စပါးလို အသင်းကြီးတသင်းနဲ့ ထိပ်တိုက်တွေ့တာက လီဗာပူးအတွက် ကံမကောင်းနိုင်ဘူးလို့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။

ဒါပေမယ့် ကလော့ပ်ကတော့ “ပြဿနာက ဘာလဲဆိုရင်တော့ အနိုင်ရတဲ့အချိန်မှာ ရှင်းပြရတာက အရမ်းကို လွယ်ကူတာပါ။ လူတိုင်းက ခံစားချက်ကောင်းနေပြီး ပြုံးရွှင်နေကြပါတယ်။ ရှုံးရင်တော့ ပိုခက်ပါပြီ။ ဘာကြောင့်လဲဆိုတော့ စကားလုံးတလုံးချင်းစီတိုင်းက တကယ်ကို အရေးကြီးလာလို့ပါ။ ကျနော့်ဆီမှာလည်း မတူညီတဲ့ စကားလုံးပေါင်း (၅) သန်းလောက် မရှိပါဘူး”
“တစုံတခုကနေ ရုန်းထွက်ချင်တယ်ဆိုရင် ကျနော်တို့ အဲ့ဒီအရာကို သေချာပေါက် ကျော်ဖြတ်ရပါမယ်။ ဒါက အချိန်ယူရမှာပါ။ အခုချိန်လို့လည်း ကျနော်တို့ မပြောပါဘူး။ စပါးနဲ့ တွေ့ရတာက ကျနော်တို့အတွက် စောလွန်းလားဆိုရင် မစောပါဘူး။ စပါးနဲ့မတွေ့ခင်မှာ စပါးနဲ့ ရင်ဆိုင်ဖို့ အချိန်ကောင်းပဲ။ သူတို့ကို အနိုင်ယူရအောင်လို့ပဲ ကျနော်တွေးပါတယ်”
“ဒါက ပရီးမီးယားလိဂ်မှာ ကစားရတဲ့ ချန်ပီယံလိဂ်ပွဲစဥ်တပွဲလိုပါပဲ။ ကျနော်တို့ရဲ့ ချဥ်းကပ်ပုံက ဒီနည်းလမ်းအတိုင်းပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ စပါးကလည်း နောက်ပိုင်းပွဲစဥ်တွေမှာ ရုန်းကန်နေရတဲ့ အသင်းဖြစ်ပြီး သူတို့အနေနဲ့ အမှတ်ပေးဇယားထိပ်ပိုင်းက မဆင်းပေးရဖို့အတွက် ရလဒ်ကောင်းတခု ပြန်လည်ရှာဖွေနိုင်ဖို့ လိုအပ်နေပါတယ်။