ညမထွက်ရအမိန့်ထုတ်ပြန်ရန် စီစဥ်မှုအပေါ် ဆန္ဒပြမှုတွေ နှစ်ညဆက်တိုက် ပေါ်ပေါက်လာခဲ့ပါတယ်။

ဆားဘီယားနိုင်ငံ ဘဲလ်ဂရိတ်မြို့တော်မှာ COVID-19 ကူးစက်မှုထိန်းချုပ်ရေး သီတင်းပတ်ကုန် ရက်များအတွင်း ညမထွက်ရအမိန့်ထုတ်ပြန်ရန် စီစဥ်မှုအပေါ် ဆန္ဒပြမှုတွေ နှစ်ညဆက်တိုက် ပေါ်ပေါက်လာခဲ့ပြီးနောက် အစိုးရက ညမထွက်ရအမိန့် အစီအစဥ်ကို ဖျက်သိမ်းလိုက်ကြောင်း သိရပါတယ်။

(Photo: Reuters)

ညမထွက်ရအမိန့်အစား လူ ၁၀ ဦးထက်ပိုပြီး စုဝေးမှုကို တားမြစ်မှုအပါအဝင် ကန့်သတ်ချက် အစီအမံတွေကို ဆားဘီးယားဝန်ကြီးချုပ် Ana Brnabic က ကြေညာလိုက်ပါတယ်။ ဆားဘီးယားမှာ COVID-19 ကူးစက်မှုတွေ မြင့်တက်လာမှုကြောင့် သမ္မတ Aleksandar Vuci က ညမထွက်ရအမိန့်ထုတ်ပြန်ရန် ဆန္ဒရှိခဲ့ပါတယ်။



အာဏာပိုင်တွေဟာ ပြင်းထန်တင်းကျပ်စွာ ချဥ်းကပ်ဆောင်ရွက်ခဲ့ကြောင်း လူ့အခွင့်အရေးအုပ်စုတွေက စွပ်စွဲခဲ့ပြီး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန် တိုက်တွန်းခဲ့ကြပါတယ်။ ဘဲလ်ဂရိတ်မြို့မှာ ဆန္ဒပြမှုများအတွင်း အဓိကရုဏ်းများ ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင် ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။

(Photo: AP)

ထောင်နဲ့ချီ အရေအတွက်ရှိတဲ့ ဆန္ဒပြသူတွေက ဒုတိယညအဖြစ် ဗုဒ္ဓဟူး (ဇူလိုင် ၈ ရက်) ညပိုင်းမှာ ဆက်လက် ဆန္ဒပြခဲ့ကြပြီး COVID-19 ကူးစက်မှုတွေ မြင့်တက်လာခြင်းအတွက် အစိုးရကို အပြစ်တင်ခဲ့ကြပါတယ်။ ဆန္ဒပြမှုတွေဟာ Nis နဲ့ Novi Sad အပါအဝင် အခြား မြို့ကြီးတွေမှာလည်း ပေါ်ပေါက်လာခဲ့ကြောင်း သိရပါတယ်။

ဆန္ဒပြမှု ပထမညအဖြစ် အင်္ဂါနေ့ (ဇူလိုင် ၇ ရက်) ညပိုင်းမှာ ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြမှုတွေ စတင်ခဲ့တာဖြစ်ပေမဲ့ ဆန္ဒပြသူတွေက ညမထွက်ရအမိန့် ပြန်လည် ထုတ်ပြန်မှုအပေါ် ဒေါသထွက်နေခဲ့ကြပါတယ်။ ထို့‌နောက် ဆန္ဒပြသူတွေက လွှတ်တော်အဆောက်အအုံထဲကို ဝင်ရောက်စီးနင်းခဲ့ကြရာ ရဲတပ်ဖွဲ့က ကြားဖြတ်ဟန့်တားခဲ့ပြီး အဓိကရုဏ်းများ ဖြစ်ပွားခဲ့ပါတယ်။ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်လူစုခွဲခဲ့ပါတယ်။

(Photo: AP)

လက်ယာစွန်းရောက် အမျိုးသားရေးဝါဒီတွေက ဆူပူအုံကြွမှုဖြစ်စေရန် ဖန်တီးခဲ့ကြပြီး လွှတ်တော်ကို စီးနင်းခဲ့ကြတယ်လို့ အပြစ်ဖို့ထားပါတယ်။ ဇူလိုင် ၈ ရက်မှာလည်း ဒုတိယမြောက်ညအဖြစ် ဆန္ဒပြမှုတွေ ဆက်လက် ဖြစ်ပွားနေခဲ့ပြီးနောက် အစိုးရက သီတင်းပတ်ကုန် ရက်တွေမှာ ညမထွက်ရအမိန့် ထုတ်ပြန်မယ့်အစီအစဥ်ကို ဖျက်သိမ်းလိုက်ပြီး ကန့်သတ်ချက်များ သတ်မှတ်ဆောင်ရွက်မယ်လို့ ကြေညာခဲ့ပါတယ်။

ဆားဘီးယားအစိုးရက ကြေညာလိုက်တဲ့ ကန့်သတ်ချက်တွေအရ ဘဲလ်ဂရိတ်မြို့တော်ရှိ အဆောက်အအုံ အတွင်းအပြင်မှာ လူ ၁၀ ဦးထက်ပိုပြီး စုဝေးခြင်းမပြုရန် တားမြစ်ထားပါတယ်။ မြို့တော်ရှိ ဈေးဆိုင်၊ ဘားဆိုင်၊ ကလပ်၊ စားသောက်ဆိုင်နဲ့ အခြား အဆောက်အအုံအတွင်း ဝန်ဆောင်မှုတွေကိုလည်း သောကြာနေ့မှစပြီး ည ၉ နာရီမှာ ပိတ်ရမှာဖြစ်ပါတယ်။

(Photo: AP)

ဘဲလ်ဂရိတ်မြို့ရှိ အဆောက်အအုံပြင်ပ ဝန်ဆောင်မှု နေရာတွေကိုတော့ ည ၁၁ နာရီအထိ ဖွင့်လှစ်ခွင့်ပြုထားကြောင်း သိရပါတယ်။ ဆားဘီးယားနိုင်ငံမှာ လတ်တလော ရက်ပိုင်းအတွင်း ကူးစက်မှုများ ပြန်မြင့်တက်နေပြီး ဇူလိုင် ၉ ရက်အထိ ကူးစက်ခံရသူ ၁၇,၀၀၀ ကျော်၊ သေဆုံးသူ ၃၅၂ ဦးနဲ့ ပြန်လည်သက်သာသူ ၁၃,၀၀၀ ကျော်ရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က