Movie Streaming ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Netflix လည်း မိုဘိုင်းဂိမ်းလောကထဲ ခြေချလာပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လအနည်းငယ်က Netflix ဟာ ကိုယ်ပိုင် Gaming Service တစ်ခုဖြစ်တဲ့ Netflix Mobile Gaming ကို ကြေညာခဲ့တာပါ။ Netflix Mobile Gaming ကို ပိုလန်နိုင်ငံမှာ စတင်မိတ်ဆက်ခဲ့ပြီး ဖုန်းနဲ့ တက်ဘလက်တွေလိုမျိုး မိုဘိုင်းထုတ်ကုန်တွေအတွက် ad-Free ဂိမ်းတွေအဓိက ပစ်မှတ်ထားတာ ဖြစ်ပါတယ်။။ နောက်ပိုင်းမှာတော့ Netflix ရဲ့ ဂိမ်း Streaming service ဟာ Netflix ဝန်ဆောင်မှု အထောက်အပံ့ပေးထားတဲ့ TV , Game Console စက်တွေနဲ့ ကွန်ပျူတာတွေအထိ ထုတ်ကုန်တိုင်းမှာ ဖြန့်ချိသွားဖို့ ရှိပါတယ်။
Photo: GSMArena
အခုတစ်ခေါက်မှာ Netflix ဝန်ဆောင်မှုဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ app ထဲမှာ မိုဘိုင်းလ်ဂိမ်း ၅ ခုထည့်သွင်းလာပြီ ဖြစ်ပါတယ်။ Netflix သုံးစွဲသူတွေဟာ Stranger Things : 1984 ၊ Stranger Things 3: The Game ၊ Shooting Hoops ၊ Card Blast နဲ့ Teeter Up ဆိုပြီး ဂိမ်း ၅ မျိုးထဲက တစ်မျိုးကို ရွေးချယ်ကစားနိုင်မယ်လို့ The Verge သတင်းက ဖော်ပြပါတယ်။ ဂိမ်းတွေထဲမျာ ကြော်ငြာတွေ ၊ အပိုကြေးတွေ နဲ့ in-app ဝယ်ယူမှုတွေ ထည့်မထားဘူးလို့လည်း ဆိုပါယ်။
ဒီနေ့ကစပြီး သုံးစွဲသူတွေဟာ Google Play Store ပေါ်ကနေ Netflix ဂိမ်းတွေကို ဒေါင်းလုပ်ဆိုင်နိုင်မှာ ဖြစ်ပြီး Netflix app ထဲက ဒီဂိမ်းတွေ ကစားမယ်ဆိုရင် အရင်ဆုံး subscription သွင်းထားဖို့ လိုမှာ ဖြစ်ပါတယ်။ ဂိမ်းတွေထဲက တချို့ကိုကစားဖို့ အင်တာနက်ချိတ်ထားဖို့ လိုပြီး တချို့ဂိမ်းတွေကိုတော့ Offline ကစားနိုင်မယ်လို့လည်း ဆိုပါတယ်။ Netflix ရဲ့ဂိမ်းဝန်ဆောင်မှုကို အမေရိကန်အပါအဝင် နိုင်ငံပေါင်း ၁၉၀ ကျော်မှာ ဖြန့်ချိလိုက်တာ ဖြစ်ပြီး လောလောဆယ် အန်းဒရိုက်ထုတ်ကုန်သုံးစွဲသူတွေ ကစားနိုင်မှာ ဖြစ်ပါတယ်။
နောက်လတွေမှာတော့ iOS ထုတ်ကုန်တွေမှာ ကစားနိုင်အောင် Support ပေးသွားမယ်လို့လည်း ကုမ္ပဏီက ကြေညာထားပါတယ်။