ဘလွန်းဒီအော်ဆုပေးပွဲကို ကျင်းပခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်နဲ့ ပြင်သစ်လက်ရွေးစင်အသင်းရဲ့ တိုက်စစ်မှူး ကာရင်မ်ဘန်ဇီမာဟာ (၂၀၂၂) ရဲ့ ဘလွန်းဒီအော်ဆုကို အငြင်းပွားဖွယ်မရှိ ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားခဲ့ပါတယ်။ ဘန်ဇီမာဟာ ဒီဆုကို ဆွတ်ခူးမယ်လို့ သတင်းတွေကြိုတင်ထွက်ပေါ်ခဲ့တဲ့အတိုင်း အမှားအယွင်းမရှိဘဲ သူ့ရဲ့ ကစားသမားဘဝအတွက် ပထမဆုံး ဘလွန်းဒီအော်ဆုကို ဆွတ်ခူးခဲ့တာပါ။



ဘန်ဇီမာဟာ ရီးရဲလ်မက်ဒရစ်ရဲ့ သမိုင်းဝင်အောင်မြင်မှုတွေအတွက် အဓိကကျတဲ့ အခန်းကဏ္ဍကနေ ခြေစွမ်းပြခဲ့ပြီး သူ့ရဲ့သွင်းဂိုးတွေကလည်း ရီးရဲလ်မက်ဒရစ်ရဲ့ ချန်ပီယံလိဂ်အိပ်မက်တွေကို အကောင်အထည်ပေါ်စေခဲ့ပါတယ်။ ဒုတိယနေရာမှာတော့ လီဗာပူးကစားသမားဟောင်း လက်ရှိ ဘိုင်ယန်မြူးနစ်ကြယ်ပွင့် မာနေးက ရပ်တည်ခဲ့ပြီး မန်စီးတီးကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းက တတိယနေရာရရှိခဲ့ပါတယ်။ လီဝန်ဒေါစကီးကတော့ အဆင့် (၄) နေရာမှာသာ ရပ်တည်ခဲ့ပါတယ်။

မာနေးဟာ ဆီနီဂေါလက်ရွေးစင်အသင်းကို အာဖရိကဖလားချန်ပီယံဖြစ်စေခဲ့သလို ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း ပို့ဆောင်ပေးနိုင်ခဲ့သူပါ။ ဒါပေမယ့် သူရော၊ လီဝန်ဒေါစကီးကပါ ဒီနှစ် ဘလွန်းဒီအော်ဆုက ဘန်ဇီမာနဲ့ ချွင်းချက်မရှိ ထိုက်တန်ကြောင်း ဖွင့်ဟခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် လီဝန်ဒေါစကီးကလည်း ဂတ်မူလာဆု (တနှစ်တာအကောင်းဆုံးတိုက်စစ်မှူးဆု) ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပါတယ်။

လူငယ်အကောင်းဆုံးကစားသမားဆုကိုတော့ ဘာစီလိုနာကွင်းလယ်လူ ဂါဗီ၊ အကောင်းဆုံးအမျိုးသမီးကစားသမားဆုကို ဘာစီလိုနာကြယ်ပွင့် အဲလစ်ရှာပူတဲလက်စ်တို့က ဆွတ်ခူးခဲ့ပြီး အကောင်းဆုံးဂိုးသမားဆုကိုလည်း ရီးရဲလ်မက်ဒရစ်ဂိုးသမား ကော်တွိုက်စ်က ဆွတ်ခူးခဲ့ပါတယ်။

ပူတဲလက်စ်အတွက်တော့ အမျိုးသမီးဘလွန်းဒီအော်ဆုကို နှစ်နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ အားကစားအမှတ်သညာအဖြစ် ချီးမြှင့်ခဲ့တဲ့ ဆိုကရေးတီးစ်ဆုကိုတော့ ဘိုင်ယန်မြူးနစ်ကြယ်ပွင့် မာနေးက ဆွတ်ခူးခဲ့ပါတယ်။ မာနေးဟာ ကွင်းပြင်ပမှာ မွေးရပ်မြေဆီနီဂေါနိုင်ငံအတွက် ပြန်လည်အကျိုးပြုခဲ့တာကြောင့် ပထမဆုံးအကြိမ်အဖြစ် ချီးမြှင့်တဲ့ဒီဆုကို ပထမဆုံးဆွတ်ခူးနိုင်ခဲ့တဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။ တနှစ်တာ အကောင်းဆုံးအသင်းဆုကိုတော့ မန်စီးတီးက ဆွတ်ခူးရရှိခဲ့ပါတယ်။ အငြင်းပွားစရာရှိခဲ့တာကတော့ ပြီးခဲ့တဲ့နှစ်မှာ အအောင်မြင်ဆုံးဖြစ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်က ဒီဆုမှာ မန်စီးတီး၊ လီဗာပူးတို့ရဲ့နောက်မှာသာ သတ်မှတ်ခံခဲ့ရတာပါ။

ဒီနှစ် ဘလွန်းဒီအော်ရဲ့ ဆန်ခါတင်ကစားသမားစာရင်းမှာ မက်ဆီက (၂၀၀၅) နောက်ပိုင်း ပထမဆုံးအဖြစ် မပါဝင်ခဲ့ပါဘူး။ ဒါ့အပြင် ရော်နယ်ဒိုကလည်း ဒီနှစ် ဘလွန်းဒီအော်သတ်မှတ်ချက်မှာ အဆင့် (၂၀) နေရာမှာသာ ရှိခဲ့ပြီး (၂၀၀၅) နောက်ပိုင်း သူ့အတွက် အနိမ့်ဆုံးအဆင့်သတ်မှတ်ချက်မှာ ရပ်တည်ခဲ့ရပါတယ်။ ဒါဟာ ခေတ်တခု အဆုံးသတ်ခြင်းလို့လည်း ပရိသတ်တွေက ပြောစမှတ်ပြုနေကြပါတယ်။

ဘလွန်းဒီအော်မှာ အဆင့် (၁) ကနေ (၁၀) အတွင်း ဝင်ရောက်ခဲ့တဲ့ ကစားသမားတွေကတော့ ဘန်ဇီမာ၊ မာနေး၊ ဒီဘရိုင်း၊ လီဝန်ဒေါစကီး၊ ဆာလာ၊ အမ်ဘာပေ၊ ကော်တွိုက်စ်၊ ဗီနီရှပ်စ်၊ မိုဒရစ်၊ ဟာလန်းတို့က အစဥ်လိုက် သတ်မှတ်ခံခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က