ဝါသနာတူဇနီးမောင်နှံနှစ်ဦးရဲ့ တက်ညီလက်ညီကြိုးစားမှုနဲ့ နှစ်ပေါင်း၂၀တိုင်တိုင်ဖောက်သည်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ ထမင်းကြော်ဆိုင်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။
ဆယ်စုနှစ်နှစ်စုကြာပြီဖြစ်တဲ့ ကိုင်းတန်းထမင်းကြော်ရဲ့အစ
လမ်းမတော်၊ကိုင်းတန်းလမ်းမှာဖွင့်ထားလို့ ကိုင်းတန်းထမင်းကြော်လို့အများကသိကြတဲ့ဒီဆိုင်လေးကတော့ ဆိုင်သက်တမ်းနှစ်ပေါင်း၂၀ရှိပြီဖြစ်ပါတယ်။နှစ်သက်တမ်းကြာပြီဖြစ်ပေမယ့် မပြောင်းလဲတဲ့လက်ရာနဲ့ မပြောင်းလဲတဲ့နေရာလေးမှာပဲ ဖောက်သည်အခိုင်အမာနဲ့ရပ်တည်နေဆဲ ထမင်းကြော်ဆိုင်လေးပါ။ ဝါသနာတူဇနီးမောင်နှံနှစ်ဦးရဲ့ တက်ညီလက်ညီကြိုးစားမှုနဲ့အစပြုခဲ့တဲ့ဆိုင်လေးလို့လည်းဆိုနိုင်ပါတယ်။

“အစ်မတို့လင်မယားအိမ်ထောင်ကျပြီးထဲက ဒီဆိုင်လေးကိုဖွင့်ခဲ့တာပါ။ဒါလေးကအစ်မတို့ရဲ့ အိမ်ထောင်ဦးလုပ်ငန်း လေးပါပဲ။အိမ်ထောင်မကျခင်အစ်မကျောင်းတတ်တယ်။ ဘွဲ့ရပြီးတော့လက်ထပ်လိုက်ကြတယ်။ အစ်မအမျိုးသားကအိမ်ထောင်မကျခင်ထဲက ထမင်းကြော်ဆိုင်အလုပ်ကိုလုပ်တာဆိုတော့ သူကလုပ်ငန်းကို နားလည်နေပြီးသားဖြစ်နေပြီ။မြို့ထဲမှာတိုက်ခန်းလေးငှားနေပြီး ဒီနေရာလေးမှာပဲထမင်းကြော်ဆိုင်လေးစထွက်ခဲ့ကြတာ အခုဆိုနှစ်၂၀ကျော်ပြီ”လို့ မသူဇာ၀င်းကပြောပါတယ်။
မောင်တစ်ထမ်းမယ်တစ်ရွက်
ဒီလိုတတ်ညီလက်ညီကြိုးစားခဲ့တဲ့ အိမ်ထောင်ဦးစီးပွားရေးလုပ်ငန်းလေးဟာ စတင်ပြီးလေးနှစ်အတွင်းမှာပဲ ကိုယ်ပိုင်အိမ်လေးဝယ်နိုင်တဲ့အထိ စီးပွားဖြစ်ထွန်းလာခဲ့သလို သားသမီးနှစ်ဦးရဲ့ပညာရေးကိုလည်း ကောင်း ကောင်းပံ့ပိုးပေးနိုင်ဆဲဖြစ်ပါတယ်။ဒီလိုလုပ်ငန်းတိုးတတ်မှုဟာ ခင်ပွန်းဖြစ်သူရဲ့ ဦးဆောင်ကြိုးစားမှုကြောင့်လို့ မသူဇာ၀င်းကချီးမွန်းစကားဆိုပါတယ်။
“ ထမင်းဆိုင်လုပ်ငန်းဆိုတာပင်ပန်းပေမယ့် အမတို့နှစ်ယောက်ကကျ ဝါသနာတူ တော့ တက်ညီလက်ညီလုပ်ကျတယ်။ဆိုင်ဖွင့်ပြီးလေးနှစ်လောက်အကြာမှာ အမတို့စုဆောင်းထားတာလေးနဲ့ အိမ်လေးစဝယ်နိုင်တယ်။နောက်ပိုင်းကျလုပ်ငန်းသုံးဖို့ Hijetကားလေးတစ်စီးဝယ်ဖြစ်ကြတယ်။ဒီလုပ်ငန်းက ၀င်ငွေနဲ့ကလေးတွေပညာရေးကောင်းကောင်းပံ့ပိုးပေးနိုင်တယ်။သားလေးကိုအခု International school မှာထားတယ်။သမီးလေးကိုလည်းလာမယ့်နှစ် International Schoolမှာပဲထားဖို့စီစဥ်ထားတယ်။ ဒီလုပ်ငန်းက ပင်ပန်းတော့ သူတို့ဝါသနာပါရင်လည်းလုပ်ကြ မပါခဲ့ရင်လည်းသူတို့ ဝါသနာပါတာလုပ်နိုင်ဖို့ ပညာရေး ကိုတော့ ကောင်းကောင်းပံ့ပိုးပေးသွားမှာပါ”လို့ မသူဇာ၀င်းကပြောပါတယ်။
ဆန်တစ်အိတ်ကုန်တဲ့အထိရောင်းကောင်းခဲ့တဲ့ထမင်းကြော်
အရင်ကထမင်းကြော်ဆိုင်ညလုံးပေါက်ဖွင့်ချိန်က တစ်ရက်ကိုဆန်တစ်အိတ်နီးပါးကုန်တဲ့အထိ ရောင်းအား ကောင်းခဲ့တဲ့ထမင်းကြော်ဆိုင်လေးပါ။လက်ရှိချိန်မှာတော့ ည၁၁နာရီခွဲဝန်းကျင်အထိဖွင့်လှစ်ရောင်းချပြီး တစ်ရက်ကို ဆန်၁၅ပြည်လောက်ကုန်တယ်လို့ သိရပါတယ်။
“ ဆိုင်လေးစထွက်တုန်းက တစ်ရက်ကိုဆန်၂ပြည်လောက်ကနေစခဲ့တာ အဲ့ကနေမှရောင်းအားကောင်း လာပြီးအပြည်တိုးလားတာပေါ့ ကိုဗစ်မတိုင်ခင်က ဆိုင်ညလုံးပေါက်ရောင်းတဲ့အချိန်တုန်းကဆို တစ်ရက်ကို ဆန်တစ်အိတ်နီးပါးလောက်ကုန်တဲ့အထိရောင်းအားကောင်းခဲ့တာ လက်ရှိကတော့ ညတစ်ဝက်၁၁ခွဲကျော် ကျော်လောက်ထိရောင်းတယ် တစ်ရက်ကို ဆန်၁၅ပြည်လောက်ကုန်တယ်”လို့မသူဇာ၀င်းက ဆိုင်ရဲ့ ရောင်းအားကိုပြောပြပါတယ်။
ရေရှည်ရပ်တည်နိုင်ဖို့ကြိုးစားမှုကိုမလျော့
ဒီလိုဖောက်သည်အခိုင်အမာနဲ့ ရောင်းအားကောင်းနေဆဲဖြစ်တာဟာ စားသုံးသူတွေပေါ်မှာလေးစားမှုနဲ့ အလုပ်ကို မခိုကပ်ပဲလင်မယားနှစ်ယောက်လုံးတက်ညီလက်ညီလုပ်ကိုင်ဆဲဖြစ်တာကြောင့်လို့ မသူဇာ၀င်းကဆိုပါတယ်။ ဟင်းချက်လက်ရာမပြောင်းလဲအောင် အလုပ်သမားတွေနဲ့ချက်ပြုတ်ခိုင်းတာမျိုးမလုပ်ပဲ ဆိုင်စတင်ခဲ့စဥ်က အတိုင်းကိုယ်တိုင်ချက်ပြုတ်ဆဲဖြစ်သလို ဆိုင်မှာထမင်းကြော်ကြော်တဲ့၊ထည့်တဲ့အလုပ်တွေကိုလည်း အမျိုးသားဖြစ်သူ ကကိုယ်တိုင်လုပ်ကိုင်ဆဲဖြစ်တယ်လို့မသူဇာ၀င်းကပြောပြပါတယ်။
မအီပဲစားကောင်းလှတဲ့ထမင်းကြော်
မပျော့၊မမာပဲဆန်လုံးလေးတွေတစ်လုံးချင်းဖြစ်အောင်ချက်ထားတဲ့ထမင်းကို မအီဘဲစားကောင်းအောင် ကြော်ထားတဲ့ထမင်းကြော်မွှေးမွှေးလေးနဲ့လိုက်ဖက်ညီစွာစားသုံးဖို့ ရွေးချယ်စရာဟင်းအမျိုးအစား ၂၀ကြော်ရှိပါတယ်။ဒီထဲမှာလူကြိုက်အများဆုံးကတော့ ဝက်အချိုချက်ဖြစ်ပါတယ်။ဒါ့အပြင်ဆိုင်ရှင်ဖြစ်သူ မသူဇာ၀င်းက မန္တလေးသူမို့ မန္တလေးရဲ့ဟင်းချက်လက်ရာကိုလည်းမြည်းစမ်းနိုင်မှာဖြစ်ပါတယ်။ ဆိုင်မှာလက်ဖက်ရည်လည်းရပြီး အရသာမဆိုးလှတာကြောင့် လက်ဖက်ရည်ကြိုက်သူတွေအတွက်လည်း အဆင်ပြေလှပါတယ်။
စျေးနှုန်းလေးနဲ့ဆိုင်လိပ်စာ
စျေးနှုန်းအနေနဲ့ကတော့ ထမင်းကြော်တစ်ခါပြင်ကြက်ဥ၊ဘဲဥနဲ့ ၁၅၀၀ကျပ်၊နှစ်သက်ရာ အသားဟင်းနဲ့၂၅၀၀ကျပ်၊ဆိတ်သားဟင်းနဲ့၃၀၀၀ကျပ်ဖြစ်ပြီးလက်ဖက်ရည်တစ်ခွက်၈၀၀ကျပ်ဖြစ်ပါတယ်။ ဆိုင်လိပ်စာလေးက လမ်းမတော်မြို့နယ်၊ကမ်းနားလမ်းနဲ့ကိုင်းတန်းလမ်းထောင့်မှာဖြစ်ပြီး ဆိုင်ဖွင့်ချိန်က ညနေ၅နာရီကနေည၁၁နာရီခွဲဝန်းကျင်ထိဖြစ်ပါတယ်။လက်ရာကောင်းပြီးစျေးနှုန်းသင့်တင့်တဲ့ဆိုင်လေးဖြစ်တာကြောင့် သွားရောက်မြည်းစမ်းကြည့်ကြဖို့ညွန်းဆိုပေးလိုက်ပါတယ်။နှစ် ၂