နီပေါနိုင်ငံမြို့တော် ခတ္တမန္ဒူမြို့မှာ ပေါက်ကွဲမှုနှစ်ခု ယနေ့ (မေ ၂၆ ရက်) ဖြစ်ပွားခဲ့မှုကြောင့် လူလေးဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ မတူညီတဲ့ နေရာနှစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ အဆိုပါ ပေါက်ကွဲမှုနှစ်ခုအတွင်း အခြား လူခုနစ်ဦး ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။

(Photo: Reuters)
ပေါက်ကွဲမှုနှစ်ခုဟာ ခတ္တမန္ဒူမြို့လယ်နဲ့ မြို့စွန်နေရာတို့မှာ ဖြစ်ပွားခဲ့တယ်လို့ KTV သတင်းက ဖော်ပြပါတယ်။ ယခု ပေါက်ကွဲမှုတွေဟာ မည်သည့် ပေါက်ကွဲမှုဖြစ်ကြောင်းကို အတိအကျ မသိရသေးကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ "ပေါက်ကွဲမှုနှစ်ခုအတွင်း လူသုံးယောက်က နေရာမှာတင် သေဆုံးခဲ့ပါတယ်၊ နောက်တစ်ယောက်ကတော့ ဆေးရုံမှာ ကုသနေတုန်း သေဆုံးခဲ့ပါတယ်၊ ဒီပေါက်ကွဲမှုက ဘာပေါက်ကွဲမှုလဲဆိုတာကို စုံစမ်းစစ်ဆေးနေဆဲပါပဲ" လို့ ရဲတပ်ဖွဲ့အရာရှိ Shyam Lal Gyawali က ပြောပါတယ်။
ခတ္တမန္ဒူမြို့လယ်ရှိ Ghattekulo လူနေရပ်ကွက်ရှိ နေအိမ်တစ်လုံးမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူတစ်ဦး သေဆုံးခဲ့ပါတယ်။ "အသံအကျယ်ကြီး ကြားခဲ့ရပြီးတော့ အဲဒီနေရာကို အပြေးသွားကြည့်ခဲ့တော့ အိမ်နံရံက ပေါက်ကွဲမှုကြောင့် အက်ကွဲသွားတာ တွေ့ခဲ့ရတယ်" လို့ အသက် ၁၇ နှစ်အရွယ် Govinda Bhandari က ပထမ ပေါက်ကွဲမှုဖြစ်ပွားရာနေရာမှာ Reuters သတင်းဌာနကို ပြောခဲ့ပါတယ်။
(Photo: Reuters)
ဒုတိယ ပေါက်ကွဲမှုမှာ ခတ္တမန္ဒူမြို့စွန် Suedhara အရပ်ဒေသရှိ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်အနီး ဖြစ်ပွားခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုထားပါတယ်။ ပေါက်ကွဲမှုနှစ်ခုအတွင်း ဒဏ်ရာရသူ ခုနစ်ဦးကို ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။ ယခု ပေါက်ကွဲမှုတွေဟာ မော်ဝါဒီသူပုန်ဟောင်းတွေမှ ခွဲထွက်အုပ်စုတစ်ခုရဲ့ လက်ချက်ဖြစ်နိုင်တယ်လို့ သံသယရှိကြောင်း ရဲအရာရှိ Gyawali က ပြောခဲ့ပါတယ်။
အဆိုပါ အုပ်စုက ၎င်းတို့ကိုထောက်ခံသူများအား ဖမ်းဆီးမှုတွေလုပ်ဆောင်နေတဲ့ နီပေါအစိုးရကို ဆန့်ကျင်နေတဲ့အုပ်စုလည်း ဖြစ်ပါတယ်။ နီပေါမှာ မော်ဝါဒီသူပုန်တွေနဲ့ အစိုးရကြား ၁၉၉၆ မှ ၂၀၀၆ ခုနှစ်အထိ ဆယ်စုနှစ်တစ်ခုကြာ ပြည်တွင်းစစ်ဖြစ်ပွားခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာတော့ မော်ဝါဒီသူပုန်ဟောင်းတွေရဲ့ အဓိက အုပ်စုက လက်ရှိအာဏာရ နီပေါကွန်မြူနစ်ပါတီ (Nepal Communist Party) သို့ ဝင်ရောက်ခဲ့ကြကြောင်း သိရပါတယ်။
(Photo: Reuters)
ထိုစဉ်က ကွန်မြူနစ်ပါတီနဲ့ ပူးပေါင်းခဲ့တဲ့ မော်ဝါဒီသူပုန်အုပ်စုမှာ မပါဝင်ခဲ့ဘဲ ခွဲထွက်သွားခဲ့တဲ့ မော်ဝါဒီသူပုန်ဟောင်းအုပ်စုက ခတ္တမန္ဒူမှာေဖေဖေါ်ဝါရီလအတွင်း အလားတူ ပေါက်ကွဲမှုတစ်ခုကို လုပ်ဆောင်ခဲ့ဖူးပြီး အဆိုပါ ပေါက်ကွဲမှုကြောင့် လူတစ်ဦးသေဆုံးကာ အခြားနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ ယနေ့ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတွေကို လုပ်ဆောင်ခဲ့ကြောင်းကိုတော့ မည်သည့် အဖွဲ့အစည်းကမျှ ထုတ်ဖော်ပြောကြားခြင်း မရှိသေးကြောင်း Reuters သတင်းမှာဖော်ပြပါတယ်။