၂၆ ရက်ကနေ ၂၈ ရက်အတွင်းပါ။

ရန်ကုန်တိုင်းဒေသကြီး အပါအဝင် ဒေသအချို့မှာ မတ်လ ၂၆ ရက်ကနေ ၂၈ ရက်နေ့အတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းမယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

photo- မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန



ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်တယ်ဆိုပြီး ထုတ်ပြန်ကြေညာထားတာပါ။

မတ်လ ၂၄ ရက် နေ့လယ် ၁ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ အနောက်ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေနဲ့ အရှေ့ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့ အရှိန်ကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ အချိန်အခါမဟုတ် မိုးရွာပြီး လေပြင်းတွေတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ဖို့ မိုးဇလဦးစီးဌာနက ကြေညာထားခဲ့ပါတယ်။

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းတွေအနေနဲ့ တနင်္သာရီတိုင်းဒေသကြီးမှာ အလွန်းမြင့်မားတဲ့ အဆင့်မှာရှိနေပြီး ကျန်ဒေသတွေကတော့ လွန်ကဲ အဆင့်ရှိနေတယ်လို့လည်း မိုးလေဝသပညာရှင်ဒေါက်တာထွန်းလွင်က ဖေ့စ်ဘုတ်စာမျက်နှာကတစ်ဆင့် ကြေညာထားပါတယ်။ ဒါ့အပြင် မြန်မာတစ်နိုင်ငံလုံးမှာ နေ့အပူချိန်တွေ မြင့်တတ်နေတာကြောင့် မိုးတိမ်တောင်တွေ ဖြစ်တတ်ပြီး မိုးတိမ်တောင် ရွေ့လျားတဲ့ လမ်းတစ်လျှောက်မှာ မိုးသက်လေပြင်းတိုက်ခတ်တာ၊ မိုးသီးကြွေတာနဲ့ မိုးကြိုးပစ်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။      


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က