• Featured

    ရန်ကုန်မှာ တစ်ရက်အတွင်း ကိုဗစ်လူနာ (၇၈၃) ဦး စံချိန်တင်တွေ့ရှိ

တစ်ရက်အတွင်း ပိုးတွေ့လူနာ (၈၆၉)ဦးမှာ ရန်ကုန်မှ (၇၈၃) ဦး ပါဝင်ခဲ့တာပါ။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာလ(၂၃)ရက်နေ့ ည(၈)နာရီထုတ်ပြန်ချက်နဲ့ ဒီကနေ့မနက် (၈)နာရီထုတ်ပြန်ချက်အရ ပိုးတွေ့လူနာသစ် (၈၆၉)ဦး စံချိန်တင်တွေ့ရှိခဲ့ပါတယ်။ စံချိန်တင်တွေ့ရှိခဲ့တဲ့ ပိုးတွေ့လူနာ (၈၆၉)ဦးမှာ ရန်ကုန်က (၇၈၃)ဦးနဲ့ စံချိန်သစ်တင်ခဲ့တာဖြစ်ပါတယ်။

“ မနေ့ကညကနဲ့ ဒီနေ့မနက်ပေါင်းပြီး ပိုးတွေ့လူနာ (၈၆၉)ဦး နဲ့ တကယ့်ကိုစံချိန်တင်သစ်တင်သွားတာပါ။ တစ်ခါမှ ဒီလောက်ကြီးထိ မဖြစ်ဖူးဘူး။ အလွန်ဆုံး (၆၀၀)ကျော်ထိပဲတွေ့ခဲ့တာ။ လူနာအရေအတွက်ကလည်း (၈၀၀၀)နီးနီးဖြစ်လာတယ်၊ သေဆုံးသူကလည်း (၁၃၃)ဦးဆိုတော့ ပထမလှိုင်းထက်ကို ပိုပြီးဆိုးလာတဲ့အခြေအနေပါ။ ပြည်သူတွေ အထူးဂရုပြုဖို့လိုပါတယ်။ အရေးကြီးတဲ့အခြေအနေတစ်ခုပါ”လို့ ဗဟိုကူးစက်ပြန့်ပွါးထိန်းသိမ်းရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက Duwun ကိုပြောပါတယ်။

တစ်ရက်အတွင်း ပိုးတွေ့လူနာ (၈၀၀)ကျော်မှာ ရန်ကုန်က (၈၀၀)နီးပါးထိပါဝင်ခဲ့တာက ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရခက်နေတဲ့အခြေအနေတစ်ခုလိုပြောရမလိုပါ။ ရန်ကုန်မှာ အရင်စံချိန်ဟောင်းက ၂၀ ရက်နေ့တစ်ရက်အတွင်းတွေ့ရှိမှု (၅၃၅) ဦးဖြစ်ပြီး အခုအရေအတွက်က အရင်အများဆုံးတွေ့ရှိမှုထက် ၂၄၈ ဦးပိုမိုတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီနေ့ (စက်တင်ဘာလ ၂၄ ရက်) ညနေ ထုတ်ပြန်ချက်မှာ သေဆုံး ၁၄ ဦးလည်း ထပ်တိုးခဲ့ကာ ဒီပမာဏဟာ အများဆုံးသေဆုံးမှု ဖြစ်နေပါတယ်။ သေဆုံးသူ ၁၄ ဦးထဲမှာ ၁၀ ဦးက သေဆုံးချိန်မှ ဓာတ်ခွဲနမူနာရယူစစ်ဆေးခဲ့ပြီး ကိုဗစ်ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အဆိုပါ ၁၀ ဦးထဲမှာ အသက် ၂၇ နဲ့ အသက် ၃၀ အရွယ် နှစ်ဦးလည်း ပါဝင်ပါသေးတယ်။

လက်ရှိကိုဗစ်ပိုးကူးစက်မှုများနေတဲ့ ရန်ကုန်ကို ထိန်းချုပ်နိုင်ရန်အတွက် စက်တင်ဘာလ(၂၁)ရက်နေ့ကစပြီး (၂)ပတ်ကာလ stay at homeနေထိုင်ဖို့ ထုတ်ပြန်ကြေညာထားပါတယ်။ အခုလို အချိန်ကာလမှာ ရန်ကုန်ကို lock down လုပ်ဖို့ သင့်ပြီလို့ပြောဆိုမှုတွေရှိနေပေမယ့်လည်း ကျန်းမာရေးရှုတောင့်အရကြည့်ပါက stay at home နှစ်ပတ်ကာလကိုသာ ပြည်သူတွေလိုက်နာမှုရှိမယ်ဆိုရင် ရန်ကုန်က lock down လုပ်ဖို့မလိုအပ်ဘူးလို့ ကျန်းမာရေးတာဝန်ရှိသူတွေက သုံးသပ်ပြောကြားထားပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာလ (၂၄)ရက်နေ့ မနက်ပိုင်းထုတ်ပြန်ချက်အထိ ပိုးတွေ့လူနာ (၇၈၂၇)ဦးမှာ ရန်ကုန်က (၅၅၁၇)ဦးထိပါဝင်ထားတာလည်းဖြစ်ပါတယ်။ ကိုဗစ်ဒုတိလှိုင်းကာလအတွင်း ရန်ကုန်ကိုထိန်းချုပ်နိုင်ဖို့က ပြည်သူတွေရဲ့ စည်းကမ်းလိုက်နာမှုက အရေးအကြီးဆုံးဖြစ်လို့ stay at home ကာလအတွင်းမှာ လိုက်နာဆောင်ရွက်ကြဖို့ကိုလည်း ကျန်းမာရေးတာဝန်ရှိသူတွေက တိုက်တွန်းပြောကြားခဲ့ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က