• Featured

    ရန်ကုန်မှာ နှာခေါင်းစည်းတွေကို အဆမတန်ဈေးတွေပေးပြီး ဝယ်ယူနေရ

ပုံမှန်ဈေးထက် (၅)ဆလောက်ပိုပေးပြီးဝယ်နေရပါတယ်။
[Zawgyi Version]

ကျန်းမာရေးကြောင့် Mask တွေကို မဖြစ်မနေဝယ်တပ်နေရတဲ့အချိန်မှာ အခုလိုဈေးတွေအဆမတန်ပေးပြီးဝယ်နေရတာက မဖြစ်သင့်ဘူးလို့ ပြည်သူတစ်ဦးကပြောပါတယ်။

တရုတ်နိုင်ငံ ဝူဟန်မြို့ကစတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးရဲ့ ရိုက်ခတ်မှုကြောင့် ရန်ကုန်မှာတော့ နှာခေါင်းစည်းတွေကို ပုံမှန်ဈေးထက် ၅ဆလောက်ပိုပေးပြီး ဝယ်နေရပါတယ်။အရင်ကဆို mask တစ်ခုကို ‌ေငွေကျပ် ၅၀၀၊ ၈၀၀ ကျပ်သာ ရှိ‌ပြီး တစ်လကို တစ်ခုတောင် ဝယ်မယ့်သူ မရှိပေမယ့် အခုချိန်မှာတော့ တစ်ခုကို ၄၅၀၀၊ ၅၀၀၀ကျပ် နှုန်းနဲ့ ဆိုင်တွေမှာ တစ်နေ့ကို (၁၀)သိန်းဖိုးအထက်ထိရောင်းချနေရတယ်လို့ သိရပါတယ်။

ကျန်းမာရေးကြောင့် Mask တွေကို မဖြစ်မနေဝယ်တပ်နေရတဲ့အချိန်မှာ အခုလိုဈေးတွေအဆမတန်ပေးပြီးဝယ်နေရတာက မဖြစ်သင့်ဘူးလို့ ပြည်သူတစ်ဦးကပြောပါတယ်။

“ ကျွန်တော်က ကိုယ်တွေ့ဝယ်လာတာ။ တချို့ဆိုင်တွေမှာဆို ဝယ်လို့မရတော့ဘူး။ ဝယ်လို့ရတဲ့ ဆိုင်တွေကျတော့လည်း ဈေးတွေကအဆမတန်တွေ အရင်ကတစ်ခုကို (၅၀၀)ပေးရတဲ့ ဟာက အခု (၃၀၀၀)လောက်ပေးရတယ်။ တစ်ထုပ်ကို ၁၀၀၀ လောက်ပေးရတဲ့ဟာက (၆၀၀၀)၊(၇၀၀၀)ကျပ် တွေဖြစ်နေတယ်။ ဝယ်နိုင်တဲ့ သူတွေအတွက်တော့ ပြဿနာမဟုတ်ဘူးပေါ့၊ နောက်ဆုံး‌အောက်ခြေကလူတွေပဲ ဒုက္ခရောက်မှာ” လို့ ကိုအေးဝင်းက Duwun ကိုပြောပါတယ်။ 

လက်ရှိ မြန်မာနိုင်ငံက Mask စက်ရုံတွေမှာ ပစ္စည်းပြတ်လပ်တဲ့ထိဖြစ်နေပြီး ဝယ်လို့ မရတော့တာကြောင့် တခြားနိုင်ငံတွေကနေ တစ်ဆင့် မှာယူပြီးရောင်းနေရတယ်လို့ သိရပါတယ်။ 

 ဈေးကွက်မှာ ရောင်းအားကောင်းနေတဲ့ ပစ္စည်းဖြစ်နေလို့ ကုမ္ပဏီတွေကိုယ်တိုင်က ဈေးတွေကို အဆမတန်နဲ့ ဖြန့်ဝေနေတာဖြစ်တယ်လို့ ဆေးဆိုင်တွေကပြောပါတယ်။ 

“ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကတည်းက mask တွေက ရောင်းကောင်းတာ။ ညီမတို့အခုရောင်းနေတဲ့ ဈေးက ကုမ္ပဏီကယူတဲ့ ဈေးတိုင်းပဲ။ ကုမ္ပဏီကို ကအခုချိန်မှာ ဈေးမငြိမ်ဘူးဖြစ်နေတာ။ မှာတာတွေကများတယ်လေ။ ညီမတို့ ကုမ္ပဏီတွေကနေအများဈေးနဲ့ မှာတော့ ဒီနေ့ တစ်ခု (၃၀၀၀)ဆို နောက်နေ့ (၃၅၀၀)၊ (၄၀၀၀)ဖြစ်သွားတယ်။ ပြည်သူတွေကလည်း ရောဂါကြိုတင်ကာကွယ်တဲ့ အနေနဲ့ဆိုတော့ ဝယ်ကြတယ်။ တချို့ဆို တစ်ခါလာဝယ်ရင် အများဈေးနဲ့ (၁၀)သိန်းဖိုးလောက်ထိ ဝယ်သွားကြတယ်” လို့ ဗိုလ်ချုပ်ဈေးသစ်မှ ဈေးဆိုင်တစ်တစ်ဆိုင်က မယမင်းက Duwun ကိုပြောပါတယ်။ 

ကျန်းမာရေးအရ မဖြစ်မနေ ကာကွယ်ရမယ့် အချိန်မှာ လိုအပ်တဲ့ ပစ္စည်းတစ်ခုကိုဝယ်ယူဖို့အတွက် အခုလိုဈေးတွေအဆမတန်မြင့်တက်နေတာက နောက်ဆုံးအထိနာတဲ့ သူတွေကတော့ အခြေခံလူတန်းစားတွေဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ဈေးတက်နေရမှာမဟုတ်ဘဲ အများပြည်သူတွေအတွက် လွယ်လင့်တကူအသုံးပြုလို့ရနိုင်အောင် နိုင်ငံရဲ့တာဝန်ရှိသူတွေက စက်ရုံတွေနဲ့ ပူးပေါင်း ချိတ်ဆက်ဆောင်ရွက်ပေးသင့်တယ်လို့ ပြည်သူတစ်ဦးကဆိုပါတယ်။ 

Share

Loading Next Article...