ရန်ကုန်မြို့မှာရှိတဲ့ မီးပွိုင့် (၁၅၁) ခုတို့ကို အလိုအလျောက်စနစ်နဲ့ စမ်းသပ်လည်ပတ်တော့မှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ရန်ကုန်မြို့တွင်း မီးပွိုင့်တပ်ဆင်ထားတဲ့ နေရာတစ်ခုကို တွေ့ရစဉ်။
မေလ ၈ ရက် (ဗုဒ္ဓဟူးနေ့) နဲ့ မေလ ၉ ရက် (ကြာသပတေးနေ့) တို့မှာ ကနဦး စမ်းသပ်လည်ပတ်မှာဖြစ်တာကြောင့် အဲဒီမီးပွိုင့်တွေကို ဖြတ်သန်းမောင်းနှင်ကြမယ့် မော်တော်ယာဉ်တေအနေနဲ့ ဂရုတစိုက် မောင်းနှင်ကြဖို့အတွက် အသိပေးနှိုးဆော်ချက် ထုတ်ပြန်ထားတာပါ။
မေလ ၈ ရက်နဲ့ မေလ ၉ ရက် တို့မှာ မနက် ၇ နာရီကနေ မနက် ၁၀ နာရီအထိ တစ်ကြိမ်၊ ညနေ ၃ နာရီကနေ ည ၇ နာရီအထိ တစ်ကြိမ် မီးပွိုင့် (၁၅၁) ခုမှာ တစ်ပြိုင်နက်တည်း စမ်းသပ်လည်ပတ်မှု ပြုလုပ်မယ်လို့သိရပါတယ်။
“မီးပွိုင့်တွေ တစ်ပြိုင်နက်တည်း စမ်းသပ်မယ်ဆိုတော့ ဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ ကျွန်တော် လေ့လာမိသလောက်တော့ အဝိုင်းတွေမှာ မီးပွိုင့်တွေ ပြန်မထားဖို့ မျှော်လင့်မိတယ်။ အရင်က အဝိုင်းတွေမှာ စမ်းတော့ ကားတွေ ပိုပိတ်လာတာတွေ့တယ်။ နောက်တစ်ခုကတော့ မီးပွိုင့်စမ်းတာလည်း စမ်း၊ မီးပွိုင့်တွေ အကုန်လုံးလည်း ၂၄ နာရီ အလုပ်လုပ်နေအောင် လုပ်စေချင်တယ်။ ဒီရက်ပိုင်း မိုးရွာပြီး မီးတွေ ပြတ်လို့ တချို့ မီးပွိုင့်တွေပျက်နေတာတွေ့တယ်။ ကားမောင်းတဲ့သူတွေအတွက် အရမ်းအန္တရာယ်များပါတယ်။ ဒါလေးတွေ လည်း သတိပြုစေချင်ပါတယ်။” လို့ လမ်းမတော်မြို့နယ်မှာ နေထိုင်သူ ကိုခန့်ဟိန်းသူက Duwun ကိုပြောပါတယ်။
အခုလို မီးပွိုင့်တွေကို အလိုအလျေက် လည်ပတ်မည့် စနစ်မှာ ရန်ကုန်မြို့တွင်းရှိ ယာဉ်ကြော ကျပ်တည်းမှုကို ဖြေရှင်းနိုင်ဖို့ လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။
လက်ရှိ အသုံးပြုနေတဲ့ ခလုတ်နှိပ်မီးပွိုင့်တွေအစား ရန်ကုန်တစ်မြို့လုံးက မီးပွိုင့် ၁၅၄ ခုကိုလည်း ဆင်ဆာစနစ်သုံး မီးပွိုင့်တွေအဖြစ် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကတည်းက ပြောင်းလဲတပ်ဆင်ခဲ့တယ်လို့သိရပါတယ်။