ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်မှာဖြစ်လို့ ရထားလမ်းပိုင်းအချို့ကို ဒီဇင်ဘာ ၂၁ ရက်က စတင်ကာ ၆ လအထိ ပိတ်ထားမှာဖြစ်တယ်လို့ ဒီဇင်ဘာ ၁၈ ရက်က ပြုလုပ်တဲ့ မီးရထားအဆင့်မြှင့်တင်ရေး လုပ်ငန်း သတင်းစာရှင်းလင်းပွဲကနေ သိရပါတယ်။
မြို့ပတ်ရထားလမ်းကြောင်း အနောက်ခြမ်းဖြစ်တဲ့ အင်းစိန်-ကြည့်မြင့်တိုင်၊ အရှေ့ခြမ်းမှာ တညင်းကုန်း-ပုရွတ်ဆိတ်ကုန်းအထိ လမ်းကြောင်းတွေကို တစ်ပြိုင်နက်တည်း အဆင့်မြှင့်မှာဖြစ်လို့ အဆိုပါ လမ်းပိုင်းတွေကို ပိတ်ထားမယ်လို့ မြန်မာ့ မီးရထား သွားလာရေးမန်နေဂျာ ဦးဇော်လွင်က ပြောပါတယ်။
“အရှေ့ခြမ်းမှာ တညင်းကုန်းကနေ ကျိုက္ကလဲ့အထိ လမ်းတစ်လမ်းပိတ်မယ်။ ပိတ်တဲ့လမ်းကိုပြင်မယ်။ ကျန်တဲ့လမ်းတစ်လမ်းကနေ ရထားပြေးပေးမယ်။ ကျိုက္ကလဲ့-ပုရွတ်ဆိတ်ကုန်းဘူတာကြားမှာတော့ လမ်းနှစ်လမ်းလုံးကိုပိတ်မယ်။ လမ်းနှစ်လမ်းပိတ်တဲ့အပိုင်းက ၆ လကြာမယ်။ အင်းစိန်-ကြည့်မြင့်တိုင်က ၄ လကြာပိတ်မယ်။တညင်းကုန်း- ကျိုက္ကလဲ့က ၄ လကြာပိတ်ပါမယ်။ မြို့ပတ်ရထား လက်ဝဲရစ်၊ လက်ယာရစ်ရထားတွေတော့ ပြေးဆွဲမှု လျော့သွားမယ်” လို့ ဦးဇော်လွင်က ပြောပါတယ်။
အဆိုပါ မီးရထားလမ်းပိုင်းအချို့ ပိတ်ထားမှာဖြစ်လို့ စီးနင်းမယ့်ခရီးသည်တွေအတွက် YBS ယာဉ်လိုင်းတွေနဲ့ အစားထိုးပြေးဆွဲသွားမှာဖြစ်ပြီး ၉၂ ယာဉ်လိုင်း၊ ၁၈ ယာဉ်လိုင်းနဲ့ ၆၄ ယာဉ်လိုင်းတွေနဲ့ ပြေးဆွဲသွားမယ်လို့လည်း YRTA အတွင်းရေးမှူး ဦးလှအောင်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“ မင်္ဂလာဒုံဘူတာနဲ့ မင်္ဂလာဒုံဈေးဘူတာ အသုံးပြုတဲ့ခရီးသည်တွေက ရန်ကုန်ပြည်လမ်းမကြီးနဲ့ ခရေပင်လမ်းကို ဖြတ်တဲ့ ယာဉ်လိုင်းတွေကို စီးနိုင်ပါတယ်။ ဝေဘာဂီဘူတာ ခရီးသည်တွေက YBS (၁၈) စီးနင်းလို့ရပါတယ်။မြောက်ဥက္ကဘာဘူတာက ခရီးသည်တွေက YBS (၆၄) စီးလို့ရပါတယ်။ ပုရွတ်ဆိတ်ကုန်းဘူတာအသုံးပြုတဲ့ ခရီးသည်တွေက YBS (၉၂)စီးနင်းနိုင်ပါတယ်” လို့ ဦးလှအောင်က ပြောပါတယ်။
ရန်ကုန်မြို့ပတ်ရထားလမ်းကိုနေ့စဉ် စီးနင်းသူဦးရေ ၈ သောင်းခန့်ရှိပြီး အဆင့်မြှင့်တင်ရေးလုပ်ငန်းတွေဆောင်ရွက်စဉ်မှာ လမ်းပိတ်မှာဖြစ်လို့ ဦးရေ ငါးထောင်ခန့် လျော့နည်းသွားမယ်လို့ မြန်မာ့မီးရထားက ခန့်မှန်းထားပါတယ်။