ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးလုပ်ငန်းတွေပြီးစီးပါက မြို့တစ်ပတ်လုံးစီးနင်းချိန်မှာ အရင်ထက် ၁ နာရီလျော့မှာဖြစ်ပြီး ၁ နာရီ မိနစ် ၅၀ သာကြာမြင့်တော့မယ်လို့ မြန်မာ့မီးရထားကနေ သိရပါတယ်။ဒီဇင်ဘာ ၁၈ ရက်က မြန်မာ့မီးရထား တိုင်းအမှတ် (၆) ရုံးမှာပြုလုပ်တဲ့ မြို့ပတ်ရထားအဆင့်မြှင့်တင်ရေးဆွေးနွေးပွဲမှာ သွားလာရေးမန်နေဂျာ ဦးဇော်လွင်က ပြော
ကြားခဲ့တာပါ။

လက်ရှိတော့ မြန်မာ့မီးရထားအနေနဲ့ ရထားလမ်းပိုင်းပြင်ဆင်တာတွေ ပြုလုပ်နေကာ သံလမ်းတွေလဲတာ၊ ကျောက်တွေဖြည့်တာ၊ ရေနုတ်မြောင်းတွေ ပြုလုပ်တာ၊ ဘူတာရုံပလက်ဖောင်းတွေ အဆင့်မြင့်တာ၊ အုတ်တံတိုင်း၊ခြံစည်းရိုးတွေကို ပြုလုပ်နေတယ်လို့ သွားလာရေးမန်နေဂျာ ဦးဇော်လွင်က ပြောပါတယ်။
“အခုတော့ ရထားလမ်းပိုင်းပြင်ဆင်မှုတွေလုပ်နေတယ်။ လက်ရှိပြေးဆွဲချိန်ကမြို့တစ်ပတ်လုံး ပတ်ရင် ၂ နာရီ မိနစ် ၅၀ ကြာတယ်။ အားလုံးပြီးစီးသွားရင်တော့မြို့ပတ်ရထားကို ၁ နာရီမိနစ် ၅၀ ပဲ ကြာတော့မယ်” လို့ သွားလာရေးမန်နေဂျာဦးဇော်လွင်က ပြောပါတယ်။ မီးရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုပြီးစီးရင်တော့အချက်ပြစနစ်တွေကို ပြင်ဆင်မှုတွေ လုပ်သွားမှာဖြစ်တယ်လို့လည်းမြန်မာ့မီးရထားကနေသိရပါတယ်။
ဂျပန်နိုင်ငံကတင်သွင်းတဲ့တွဲဆိုင်း ၆၆ တွဲဆိုင်းအသစ်နဲ့ မြို့ပတ်ရထားတွေကို ပြေးဆွဲသွားမှာဖြစ်ပြီး လက်ရှိခရီးသည် ဦးရေထက် ၃ ဆ ပိုမို တင်ဆောင်နိုင်တော့မှာဖြစ်တယ်လို့ ဦးဇော်လွင်ကပြောပါတယ်။
“ကျွန်တော်တို့ လမ်းနဲ့ အချက်ပြစနစ်တွေ ပြင်ဆင်ပြီးရင် တွဲဆိုင်းအသစ်၊လမ်းအသစ်၊စက်ခေါင်းအသစ်၊အချက်ပြစနစ် စီမံကိန်းကြီးတစ်ခုလုံးပြီးသွားရင်အဲဒီအတိုင်းပြေးဆွဲသွားတော့မှာပါ။ လက်ရှိပြေးဆွဲနေတဲ့ မိုင်နှုန်းကန့်သတ်ချက် ၄၀ကီလိုမီတာလောက်ပဲရှိတယ်။ အဆင့်မြှင့်ပြီးရင်တော့ ၆၀ကီလိုမီတာလောက်ပြေးဆွဲနိုင်တော့မယ်။ တွဲဆိုင်းအသစ်တွေကို မြို့ပတ်ရထားမှာသုံးမယ်။ရထားတွဲအဟောင်းတွေကိုတော့ တခြားလိုအပ်တဲ့နေရာ ဆင်ခြေဖုံးတွေမှာ သုံးမယ်” လို့ဦးဇော်လွင် က ဆိုပါတယ်။
ရန်ကုန်မြို့ပတ်ရထားလမ်းကိုဒီဇင်ဘာ ၂၁ ရက်က စတင်ပြုပြင်မှာဖြစ်ပြီးတော့ ရထားလမ်းပိုင်းအချို့ကို အဲဒီနေ့ကစတင်ကာ ၆ လအထိ ပိတ်ထားတော့မယ်လို့ မြန်မာ့မီးရထားကနေ သိရပါတယ်။