စမ်းသပ်ကာလ ပထမရက်မှာဘဲ မီးပျက်လို့ မီးပွိုင့်တွေအလုပ်မလုပ်ဘဲ ယာဉ်လမ်းကြောင်းတွေပိတ်ခဲ့တာပါ

ရန်ကုန်မြို့ မီးပွိုင့်တွေကို အော်တိုစနစ်နဲ့ စမ်းသပ်လုပ်ဆောင်နေရာမှာ စမ်းသပ်ကာလ ပထမရက်မှာတော့ လျှပ်စစ်မီးပြတ်တောက်နေတာကြောင့် တစ်ချို့မီးပွိုင့်တွေမှာ ယာဉ်လမ်းကြောတွေ အရင်ကထက် ပိုကြပ်ခဲ့ပါတယ်။

ရန်ကုန်မြို့ရှိ မီးပွိုင့်တွေကို အော်တိုစနစ်သစ်ပြောင်းလဲနိုင်ဖို့ စမ်းသပ်ခြင်းကို ဒီကနေ့ မေလ(၈)ရက်နေ့မှာ စတင်ဆောင်ရွက်ခဲ့တာပါ။ စမ်းသပ်တဲ့နေ့မှာဘဲ မီးပျက်လို့ မီးပွိုင့် စနစ်သစ် အော်တိုစနစ်စမ်းသပ်ခြင်းက မည်သို့အခြေအနေရှိကြောင်းပင် မသိလိုက်ရဘဲ အရင်ကထက် ကားလမ်းတွေပိုကြပ်ကုန်တယ်လို့ အငှားယာဉ်မောင်းတွေထံကနေ သိရပါတယ်။



“ ကျွန်တော်မနက်က အုတ်ကျင်းဘက်ကနေ မြို့ထဲပတ်ပြီး မြို့တော်ခန်းမရှေ့ကိုခရီးသည်ပို့ပြီး ပြန်လာတာ မီးပွိုင့်တွေတော်တော်များများက ပျက်နေတယ်၊ ကျွန်တော်က မီးပွိုင့်တွေကို control စင်တာကနေ ထိန်းချုပ်မယ်ဆိုတော့ မီးပွိုင့်တွေက တိုက်ရိုက် အကုန်လွတ်ပေးမယ် ထိန်းပေးမယ်ဆိုပြီး အရမ်းစိတ်ဝင်စားခဲ့တာ၊ ခုတော့မီးပျက်ပြီး မီးပွိုင့်တွေကမလာတော့ အော်တိုစနစ်နဲ့ ထိန်းချုပ်တယ်ဆိုတာ ဘာမှန်းတောင်မသိလိုက်သလို ဘယ်လိုပြောရမှန်းလည်းမသိဘူး၊ ပွိုင့်တွေမှာ ယာဉ်ထိန်းလည်း တစ်ယောက်မှမရှိဘူး၊ ကားတွေကတော့ ပိုကြပ်ကုန်တယ်” လို့ အငှားယာဉ်မောင်း ကိုလင်းက Duwun ကို ပြောပါတယ်။

“ ဒီနေ့က နည်းနည်းပိုပိတ်တယ် မနက်က ကျွန်တော်လေဆိပ်သွားတာ တော်တော်ကြာတယ်၊ ပြည်လမ်းမှာဆိုရင် အေဒီပွိုင့်ကနေ အင်းလျားကန်ပေါင်အထိပိတ်တာ၊ ဒီနေ့ကတော့ ကျွန်တော်မြင်တာက ကားတွေနည်းနည်း ပိုထောက်သွားတယ် မီးပွိုင့်တွေသာ ပုံမှန်အလုပ်လုပ်မယ်ဆိုရင်တော့ ဒီစနစ်ကကောင်းမှာပါ အခုဟာက မီးပွိုင့်တွေက ပျက်တဲ့ပွိုင့်ကပျက် လာတဲ့ပွိုင့်ကလာဆိုတော့ အဆင်မပြေဘူး” လို့ အငှားယာဉ်မောင်း ကိုမြတ်မျိုးလွင်က ပြောပါတယ်။

ရန်ကုန်မြို့ရှိ မီးပွိုင့်တွေကို လူနဲ့ထိန်းချုပ်တဲ့စနစ်ကနေ control စင်တာကနေ ထိန်းချုပ်တဲ့ စနစ်ကို ဒီနေ့စမ်းသပ်ခဲ့တာပါ။ စမ်းသပ်ကာလအဖြစ် မေလ(၈)ရက်နဲ့ (၉)ရက်နေ့တွေမှာ သတ်မှတ်ထားပြီး မနက် (၇)နာရီမှ (၁၀) အထိနဲ့ ညနေ (၃)နာရီမှ ည(၇)နာရီအထိ စမ်းသပ်သွားမှာဖြစ်ပါတယ်။ စမ်းသပ်ရက် ပထမရက်ဖြစ်တဲ့ မနက်ပိုင်းမှာတင် မီးပျက်တာကြောင့် မီးပွိုင့်တွေမှာ အလုပ်မလုပ်ဘဲ ယာဉ်ကြောပိတ်ဆို့မှုတွေ ပိုမိုဖြစ်ခဲ့တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က