ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲမှာပါဝင်ကြမယ့် ပြိုင်ပွဲဝင် ကော်မတီဝင်လောင်းတွေရဲ့ အမည်စာရင်းတွေကို YCDC Election Explorer ဆိုတဲ့ Web Portal ကတဆင့် ကြည့်ရှုနိုင်တယ်လို့သိရပါတယ်။
အဆိုပါ Web Portal ကိုဖန်တီးရာရဲ့ Tech4Change အစီအစဉ်ကနေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲမှာ ပြိုင်ပွဲဝင် ကော်မတီဝင်လောင်းတွေရဲ့ အမည်စာရင်းတွေကို မြို့နယ်အလိုက် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
“အခုလို Data သတင်းအချက်အလက် တွေကို လွယ်လွယ်ကူကူနဲ့ရယူသုံးစွဲနိုင်ခြင်းက ရန်ကုန်မြို့သူမြို့သားတွေ မဲပေးတဲ့နေရာမှာ အထောက်အကူပြုနိုင်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ Page ထဲကို ဝင်ကြည့်ပြီး ရွေးကောက်ပွဲကျင်းပမယ့်နေ့မှာ သူတို့မြို့နယ်ကနေ မဲပေးလို့ရမယ့် ကော်မတီဝင်လောင်းတွေရဲ့ နာမည်စာရင်းတွေကို တစ်စုတစ်စည်းတည်း ကြည့်လို့ရမယ့်နေရာ ဖြစ်ပါတယ်။” ဖန်တီးရာ၏ Tech4Change မှ Senior Tech4Change Associate တစ်ယောက်ဖြစ်တဲ့ ကိုလူမင်းလွင်က ပြောပါတယ်။
အသုံးပြုသူတွေအနေနဲ့ https://opendevelopmentmyanmar.net/my/ycdc2019 သို့ ဝင်ရောက်ပြီး မိမိတို့နေထိုင်တဲ့ မြိုနယ်ကိုရွေးပေးရုံနဲ့ ကော်မတီဝင်လောင်းတွေရဲ့ အမည်စာရင်းကို ရှာဖွေကြည့်ရှုနိုင်တယ်လို့သိရပါတယ်။
ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်သူတွေစာရင်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲကော်မရှင် ဖေစ့်ဘုတ်မှ ကောက်နှုတ်ထားတယ်လို့သိရပါတယ်။
ရန်ကုန်မြို့တာ်စည်ပင်သာယာရွေးကောက်ပွဲကို မတ်လ ၃၁ ရက်မှာ ကျင်းပသွားမှာ ဖြစ်ပြီး စည်ပင်နယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၃ မြို့နယ်မှာ ကိုယ်စားလှယ်လောင်း ၂၇၂ ဦးဝင်ရောက် ယှဉ်ပြိုင်သွားမယ်လို့သိရပါတယ်။