MASK မတပ်သူတွေက ဒဏ်ငွေ ၅၀၀၀ (သို့) ထောင်ဒဏ် ၁၅ရက်ကျခံရမှာဖြစ်ပြီး ညမထွက်ရအမိန့်ချိုးဖောက်သူတွေကတော့ အလုပ်ကြမ်းနဲ့ထောင်ဒဏ်တစ်လကျခံရမှာပါ။
ရန်ကုန်တိုင်းဒေသကြီးမှာ မေလ ၁၉ရက်နေ့စာရင်းအရ ညမထွက်ရအမိန့်ချိုးဖောက်သူ ၄၃၇ ဦး နဲ့ MASK မတပ်လို့အရေးယူခံရသူ ၁၅၀၈ဦး ရှိနေပြီလို့ တိုင်းမှုခင်းစာရင်းဌာနကတစ်ဆင့် သိရပါတယ်။
ညမထွက်ရအမိန့်ကိုတော့ ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့ကစတင်ပြီး အစိုးရက ညွှန်ကြားချက်ထုတ်ပြန်ခဲ့ရာမှာတော့ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ အပြင်ထွက်ခွင့်မရှိပါဘူး။
ဒါပေမယ့်လည်း ဧပြီ ၁၈ ရက်ကနေ မေ ၁၉ ရက်အထိ တစ်လအတွင်းမှာ ညမထွက်ရ အမိန့်ချိုးဖျက်လို့ အရေးယူမှု ၁၇၈မှု ရှိပြီး အမျိုးသား ၄၁၇ဦးနဲ့ အမျိုးသမီး ၂၀ဦး စုစုပေါင်း ၄၃၇ဦးဖမ်းဆီးအရေးယူခံခဲ့ရသလို MASKမတပ်ဘဲ အပြင်သွားသူကိုအရေးယူမှု ၆၇၄မှုရှိပြီး အမျိုးသား ၁၃၀၇ဦး၊အမျိုးသမီး ၂၀၁ဦး စုစုပေါင်း ၁၅၀၈ဦးတို့ကို ဖမ်းဆီး အရေးယူခဲ့တယ်လို့ ရန်ကုန်တိုင်း မှုခင်းစာရင်းဌာနကတဆင့်သိရပါတယ်။
“ညဖက်ထွက်တဲ့သူတွေက အလုပ်ပြန်နောက်ကျသူတွေနဲ့ညွှန်ကြားချက်ကို သေချာမသိသူတွေများပါတယ်။ အထူးသဖြင့် လူလတ်ပိုင်းတွေ အများဆုံးတွေ့ရပါတယ်။” လို့ ရန်ကုန်တိုင်း မှုခင်းစာရင်းဌာနက ရဲအရာရှိ တစ်ဦးက Duwun ကို ပြောပါတယ်။
ရန်ကုန်တိုင်းမှာတော့ ညမထွက်ရအမိန့်ကို ပြီးခဲ့တဲ့ မေလ ၁၄ရက်နေ့ကစတင်ပြီး ညမထွက်ရအမိန့်ကို မူလ ည ၁၀နာရီမှ ယခု ည ၁၂နာရီထိ ဖြေလျော့ပေးလိုက်ပြီလည်း ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အပြင်ထွက်မယ်ဆိုရင် MASKတပ်ပြီးမှ ထွက်ဖို့ကိုတော့ ဆက်လက်ညွှန်ကြားထားဆဲဖြစ်ပြီး MASKမတပ်ဘဲ အပြင်ထွက်ပါက တရားစွဲခံရမှာဖြစ်ပြီး ငွေဒဏ် ၅၀၀၀(သို့)ထောင်ဒဏ် ၁၅ရက်ကျခံရမှာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ညမထွက်ရအမိန့်ချိုးဖောက်သူတွေကိုတော့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၈၈နဲ့ တရားစွဲဆိုပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁လ ချမှတ်မှာ ဖြစ်ပါတယ်။