• Featured

    ရန်ကုန်တစ်တိုင်းလုံးမှာ Stay Home ကြေညာထားတဲ့မြို့နယ် (၂၈)မြို့နယ်အထိရှိလာ

ဒီနေ့မှာ မြို့နယ် (၂၁) မြို့နယ်ကို (Stay at Home) အဖြစ် ကြေညာလိုက်ပါတယ်။

ရန်ကုန်တိုင်းအတွင်းက မြို့နယ် (၂၁) ခုကို Stay at Home မြို့နယ်တွေအဖြစ်သတ်မှတ်ကြေညာလိုက်ပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

တောင်ဥက္ကလာပ၊တာမွေ၊ မရမ်းကုန်း၊ ကမာရွတ်၊ မြောက်ဒဂုံ၊ လှိုင်သာယာ၊ စမ်းချောင်း၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွှန့်၊ တောင်ဒဂုံ၊ ရန်ကင်း၊ ဒဂုံ၊ ကြည့်မြင့်တိုင်၊ ကျောက်တံတား၊ အရှေ့ဒဂုံ၊ အလုံ၊ ဗဟန်း၊ ဒဂုံဆိပ်ကမ်း၊ ဒေါပုံ၊ လမ်းမတော်နဲ့ လှည်းကူးမြို့နယ်တို့က ပြည်သူတွေအနေနဲ့ နေအိမ်မှာပဲ နေထိုင်ရန် (Stay at Home) အစီအစဉ်မှာ အကျုံးဝင်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်ုတိုင်းအတွင်း ဓာတ်ခွဲအတည်ပြုလူနာတွေ ထပ်မံတွေ့ရှိမှု၊ ခရီးသွားရာဇဝင်မရှိတဲ့အပြင် ဓာတ်ခွဲအတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့ခြင်းမရှိတဲ့ လူနာတွေ တွေ့ရှိရမှု များပြားလာတာကြောင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့ အတွက် အိမ်မှာနေထိုင်ရေးအစီအစဉ်ကို လိုအပ်ကြောင်း ဝန်ကြီးဌာနက အမိန့် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ မြို့နယ်တွေမှာ နေထိုင်သူတွေအနေနဲ့ အစိုးရဌာန၊ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံတွေမှာ တာဝန်ထမ်းဆောင်နေသူတွေ ကလွဲပြီး မိမိနေအိမ်မှာသာနေထိုင်ရန်၊ မဖြစ်မနေ ဈေးဝယ်ဖို့ အတွက် တစ်အိမ်ကို တစ်ဦးသာ သွားရောက်ဖို့၊ ဆေးရုံ၊ ဆေးခန်းသွားရောက်ဖို့ ရှိပါက တစ်အိမ်ကို နှစ်ဦးသာ သွားရောက်ဖို့၊ နေအိမ်ကနေ ပြင်ပကို သွားလာရင် ပါးစပ်/နှာခေါင်းစည်းတပ်ဖို့၊ တာဝန်ထမ်းဆောင်ဖို့ သွားရောက်မယ့်သူတွေကို ပို့ဆောင်မယ့်ယာဉ်တွေ၊ ဖြတ်သန်းသွားခွင့်ပြုထားတဲ့ယာဉ်တွေကိုသာ ရပ်ကွက်ကျော်လွန်သွားလာခွင့်ပြုဖို့၊ ရပ်ကွက်အတွင်း ဈေးဝယ်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်မှာ တစ်ဦး၊ဆေးရုံ ဆေးခန်းသွားရောက်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်မှာ နှစ်ဦးသာ သွားရောက်ဖို့ ညွန်ကြားထားတာပါ။

ခွင့်ပြုထားတဲ့ ကိစ္စရပ်တွေနဲ့ အရေးပေါ်ကိစ္စရပ်တွေအတွက် သတ်မှတ် ဦးရေထက် သွားလာရန်ရှိပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကို သတင်းပို့ပြီး ခွင့်ပြုချက်နဲ့ သွားလာရန်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကလည်း တာဝန်ကိစ္စနဲ့ သွားလာသူတွေမှ အပ ရပ်ကွက်ပြင်ပ/ အတွင်းသို့ ဝင်၊ထွက်ခွင်မပြုရဘူးလို့ သိရပါတယ်။

ဒီအမိန့်ဟာ စက်တင်ဘာ ၁၀ ရက် မနက် ၈ နာရီအချိန်မှ စတင်သက်ရောက်မှာဖြစ်ပြီး လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေတွေအရ အရေးယူဆောင်ရွက်မယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ (၁) ရက်နေ့ကလည်း ရန်ကုန်တိုင်းအတွင်း သင်္ဃန်းကျွန်းမြို့နယ်၊အင်းစိန်မြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊သာကေတမြို့နယ်၊ လှိုင်မြို့နယ်၊ ပုဇွန်တောင်မြို့နယ်နဲ့ မင်္ဂလာဒုံမြို့နယ်တို့ကို (Stay at Home) နေကြဖို့  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပြီးဖြစ်ရာ လက်ရှိ (Stay at Home) မြို့နယ်ပေါင်း (၂၈) မြို့နယ်အထိ ရှိလာပြီလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က