လာမယ့်ရွေးကောက်ပွဲအတွက် NLD ပါတီရဲ့အစီအစဉ်နဲ့ ကိုယ်စားလှယ်လောင်းစာရင်းကို ဇူလိုင်လ၂၃ရက်မှာ တရားဝင် ထုတ်ပြန်မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီးမှာ မီဒီယာတွေကို ပြောခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့ ဇူလိုင်လ ၂၁ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို သတင်းမီဒီယာတွေ သတင်း သွားရောက်ယူခဲ့ပေမယ့်လည်း မီဒီယာတွေအနေနဲ့အစည်းအဝေးကို သတင်းလာယူရတာ သတင်းမရနိုင်တဲ့အတွက် ပင်ပန်းကြောင်းနဲ့ ဇူလိုင်၂၃ ရက်မှာ အားလုံးကို ကြေညာပေးမယ်လို့ အစည်းအဝေးအပြီး သတင်းမေးမြန်းရန်စောင့်နေတဲ့ မီဒီယာတွေကို အတိုင်ပင်ခံက လာရောက်ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
မနက်ဖြန် ဇူလိုင်လ ၂၂ရက်နေ့မှာလည်း ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို ဆက်လက်ကျင်းပဖို့ ရှိတယ်လို့ သိရပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲကိုတော့ နိုဝင်ဘာလမှာကျင်းပမယ်လို့ ရွေးကောက်ပွဲကော်မရှင်ကကြေညာထားပြီး NLD ပါတီအနေနဲ့ကိုယ်စားလှယ်လောင်းစာရင်းကို လက်ရှိအချိန်အထိ ထုတ်ပြန်ခြင်းမရှိသေးသလို ဝန်ကြီးချုပ်အချို့လည်း ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိဘူးဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။