အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းဖန်နီက အိန္ဒိယနိုင်ငံကို ဝင်ရောက်တိုတ်ခတ်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆက်လက် ဖြတ်သန်းတိုက်ခတ်ခဲ့ပါတယ်။
(Photo: CGTN)
ဆိုင်ကလုန်းဖန်နီ (Cyclone Fani) ဟာ ဘင်္ဂလားဒေ့ရှ်မြောက်ပိုင်းကို ဝင်ရောက်တိုက်ခတ်စဉ် အားလျော့သွားခဲ့ပေမဲ့ အပျက်အစီးများ ကျယ်ပြန့်စွာ ဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။ ဖန်နီမုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ်မှာ နေအိမ်အလုံးပေါင်း ၁,၀၀၀ ကျော် ပျက်စီးခဲ့ပြီး ကျေးရွာများ ရွာလုံးကျွတ် ရေလွှွမ်းမိုးမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြထားပါတယ်။
မုန်တိုင်းတိုက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်မှာ လူငါးဦးထက်မနည်း သေဆုံးခဲ့ပြီး ၆၃ ဦး ဒဏ်ရာရခဲ့ကြောင်း BBC သတင်းမှာဖော်ပြပါတယ်။ ဆိုင်ကလုန်းဖန်နီ ဝင်ရောက်တိုက်ခတ်မှာဖြစ်တာကြောင့် လူဦးရေတစ်သန်းကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားခဲ့ကြောင်းနဲ့ မုန်တိုင်းဘေးအန္တရာယ် ပြီးဆုံးလုနီးပါး ဖြစ်သွားပြီးလို့ ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာနမှ ညွန်ကြားရေးမှူးက ပြောပါတယ်။
ဆိုင်ကလုန်းဖန်နီဟာ အိန္ဒိယကနေ ဘင်္ဂလားဒေ့ရှ် အရှေ့မြောက်ပိုင်းကို စနေနေ့ (မေ ၄ ရက်) ဝင်ရောက်ခဲ့စဉ် လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အားလျော့နည်းသွားခဲ့ပေမဲ့ ကမ်းရိုးတန်းဒေသ အနိမ့်ပိုင်းနေရာတွေရှိ ဒါဇင်နဲ့ချီတဲ့ ကျေးရွားတွေမှာ ရေလွှမ်းမိုးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်ကို ဖြတ်သန်းတိုက်ခတ်စဉ် လေတိုက်နှုန်းဟာ တစ်နာရီလျှင် ၄၃ မိုင်ရှိခဲ့ကြောင်းလည်း သိရပါတယ်။ မုန်တိုင်းကြောင့် Noakhali ခရိုင်မှာ အသက် ၁၂ နှစ်နဲ့ ၂ နှစ်အရွယ် ကလေးနှစ်ဦးသေဆုံးခဲ့ပြီး လူ ၃၀ ဒဏ်ရာရခဲ့ကာ နေအိမ်ပျက်စီးမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။
(Photo; Getty Images)
အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းဖန်နီအန္တရာယ်မှ လွတ်ကင်းစေရန်အတွက် အိန္ဒိယမှာ လူဦးရေ ၁.၂ သန်းကို လုံခြုံစိတ်ချရတဲ့ နေရာများသို့ ရွှေ့ပြောင်းပေးထားခဲ့ပါတယ်။ သောကြာနေ့ (မေ ၃ ရက်) က အိန္ဒိယမှာ ဆိုင်ကလုန်းဖန်နီ ဖြတ်သန်းတိုက်ခတ်ခဲ့စဉ် လူ ၃၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး ရာနဲ့ချီဒဏ်ရာရခဲ့ကြောင်း အစောပိုင်းသတင်းတွေက ပြောပါတယ်။ ယနေ့ ညပိုင်းသတင်းတွေအရ ဆိုင်ကလုန်းဖန်နီကြောင့် အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရ်ှမှာ သေဆုံးသူအရေအတွက် ၄၂ ဦးအထိ မြင့်တက်လာကြောင်း သိရပါတယ်။
မုန်တိုင်းကြောင့် လူဦးရေသိန်းနဲ့ချီပြီး အိုးအိမ်ပျက်စီးဆုံးရှုံးမှု ကြုံခဲ့ရတယ်လို့ ဒေသခံမီဒီယာက ဖော်ပြပါတယ်။ ၁၉၉၉ ခုနှစ်က ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်ခဲ့တဲ့ စူပါဆိုင်ကလုန်းမုန်တိုင်းတစ်ခု အိန္ဒိယနိုင်ငံ သြရိသျှကမ်းရိုးတန်းကို နာရီ ၃၀ ကြာ ဖြတ်သန်းတိုက်ခတ်ခဲ့မှုကြောင့် လူ ၈,၀၀၀ မှ ၁၀,၀၀၀ အထိ သေဆုံးခဲ့ဖူးပါတယ်။
အိန္ဒိယ အရှေ့ပိုင်းနဲ့ အရှေ့တောင်ပိုင်းကို နှစ်စဉ် ဧပြီနဲ့ ဒီဇင်ဘာလအတွင်း မုန်တိုင်းများ ပုံမှန်ဝင်ရောက်တိုက်ခတ်လေ့ရှိပါတယ်။ ၂၀၁၇ ခုနှစ်အတွင်းကလည်း တမီလ်နာဒူနဲ့ ကီရာလာပြည်နယ်တို့မှာ ဆိုင်ကလုန်းမုန်တိုင်း Ockhi တိုက်ခတ်မှုကြောင့် လူ ၂၅၀ နီးပါး သေဆုံးခဲ့ကြောင်း သိရပါတယ်။
ဆက်စပ်ဖတ်ရှုရန် -