နယ်သာလန်နိုင်ငံ Utrecht မြို့လယ်မှာ သံလမ်းပြေးကားပေါ် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူသုံးဦးသေဆုံးကာ ကိုးဦးဒဏ်ရာရခဲ့ကြောင်း မြို့တော်ဝန်က ပြောပါတယ်။
(ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည့် Gokmen Tanis) (Photo: @POLITIEUTRECHT/TWITTER)
ပစ်ခတ်မှုအတွင်း ဒဏ်ရာရသူကိုးဦးအနက် သုံးဦးဟာ ဒဏ်ရာပြင်းထန်ကြောင်းလည်း သိရပါတယ်။ ယနေ့ (မတ်လ ၁၈ ရက်) ဒေသစံတော်ချိန် မနက် ၁၀ နာရီ ၄၅ မိနစ်ဝန်းကျင်က 24 Oktoberplein လမ်းဆုံအနီးမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဟာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပုံရကြောင်း ရဲတပ်ဖွဲ့ကဆိုပါတယ်။
"လတ်တလော အခြေအနေအရ ပစ်ခတ်မှုကြောင့် သုံးဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရတယ်လို့ အတည်ပြုနိုင်ပါတယ်၊ ဒဏ်ရာရသူ သုံးဦးကတော့ ဒဏ်ရာပြင်းထန်ပါတယ်" လို့ Utrecht မြို့တော်ဝန် Jan van Zanen က Twitter မှာ ဗီဒီယိုထုတ်ပြန်ချက် လွှင့်တင်ပြောကြားထားပါတယ်။
(ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် သံလမ်းပြေးကားကို တွေ့ရစဉ်) (Photo: AFP)
ယခု ပစ်ခတ်မှုနဲ့ပတ်သက်ပြီး သံသယရှိသူ အသက် ၃၇ နှစ်အရွယ် တူရကီအမျိုးသား Gokmen Tanis ကို လိုက်လံရှာဖွေခဲ့ပြီးနောက် ဒေသစံတော်ချိန် မတ်လ ၁၈ ရက် နှောင်းပိုင်းမှာ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ပစ်ခတ်မှုဖြစ်ပွးပြီးနောက် Utrecht မြို့ရှိ စာသင်ကျောင်းတွေကို အဝင်အထွက်မရှိစေရန် ပိတ်ပင်ထားပြီး လုံခြုံရေးတိုးမြှင့်ထားခဲ့ပါတယ်။
"သံသယရှိသူကို ဖမ်းဆီးရမိပြီလို့ ကျွန်တော်တို့ အခုပဲ သတင်းရရှိပါတယ်" လို့ ရဲတပ်ဖွဲ့အကြီးအကဲ Rob van Bree က သတင်းထောက်တွေကို ပြောပါတယ်။ သို့သော် ပစ်ခတ်မှုမှ သံသယရှိသူ Gokmen Tanis ကို မည်သည့်နေရာမှာ ထိန်းသိမ်းထားကြောင်းကိုတော့ ၎င်းက ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပါဘူး။
(Photo: AFP)
"အကြမ်းဖက်လုပ်ရပ်မဟုတ်ဘူးလို့ ကျွန်တော်တို့ မပြောနိုင်ပါဘူး၊ ဒီအခြေအနေမှာ အတိအကျ မသိနိုင်သေးတာ အများကြီးပါ၊ ဒေသဆိုင်ရာ အာဏာပိုင်တွေက ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး အချက်အလက် အကြောင်းရင်းအားလုံးကို သိနိုင်ဖို့အတွက် အပြင်းအထန် လုပ်ဆောင်နေပါတယ်" လို့ နယ်သာလန် အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးမှ တာဝန်ရှိသူ Pieter-Jaap Aalbersberg က အစောပိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ပစ်ခတ်မှုတွေ နေရာအချို့မှာ ဖြစ်ပွားခဲ့ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောခဲ့ပေမဲ့ မည်သည့်နေရာတွေမှာ ဖြစ်ပွားခဲ့ကြောင်းကိုတော့ ထုတ်ဖော်ပြောခြင်း မရှိခဲ့ပါဘူး။ အစောပိုင်းမှာ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က သံလမ်းပြေးကားပေါ် ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ နေရာအနီးရှိ နေအိမ်တစ်လုံးကို ဝိုင်းပတ်ပိတ်ဆို့ထားခဲ့ပေမဲ့ ဖမ်းဆီးမှုတွေလုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း BBC သတင်းက ဖော်ပြထားပါတယ်။