လွှတ်တော်ကိုသွားနေစဉ် တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

နယူးဇီလန်နိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာဝန်ကြီးဟာ လွှတ်တော်ကိုသွားနေစဉ် လမ်းမပေါ်မှာ ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

(ရာသီဥတုပြောင်းလဲမှုဆိုင်ရာဝန်ကြီး ဂျိမ်းစ်ရှော) (Photo: Hagen Hopkins)

Green Party တွဲဖက်ခေါင်းဆောင်နဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာဝန်ကြီး ဂျိမ်းစ်ရှောဟာ ယနေ့ (မတ်လ ၁၄ ရက်) မနက်ပိုင်းက ဝယ်လင်တန်မြို့ ရုက္ခဗေဒဥယျာဉ်ဝင်ပေါက်အနီး လမ်းမပေါ်မှာ မျက်နှာကို လက်သီးနဲ့အထိုးခံခဲ့ရတာ ဖြစ်ပါတယ်။ ဝန်ကြီးဂျမ်းစ်ရှောဟာ အထိုးခံရမှုကြောင့် ပြင်းထန်တဲ့ ဒဏ်ရာတော့ မရခဲ့ဘူးလို့ သိရပါတယ်။

"နယူးဇီလန်မှာ ဒါမျိုးတွေ ဖြစ်တယ်လို့ မထင်ပါနဲ့" လို့ ဝန်ကြီးချုပ် ဂျင်စင်ဒါအာဒန်းက ယခုဖြစ်ရပ်နဲ့ပတ်သက်ပြီး ပြောခဲ့ပါတယ်။ ဝန်ကြီးတစ်ဦး ယခုလို လူမြင်ကွင်းနေရာမှာ တိုက်ခိုက်ခံခဲ့ရပြီးနောက် ဥပဒေပြုလွှတ်တော်အမတ်တွေကြား မေးခွန်းထုတ်မှုနဲ့ စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

(နယူးဇီလန်ဝန်ကြီးချုပ် ဂျင်စင်ဒါအာဒန်း) (Photo: IANS)

"နယူးဇီလန်မှာက ပြည်သူတွေဟာ နိုင်ငံရေးသမားတွေနဲ့ လွယ်လွယ်ပဲ တွေ့နိုင်တာမျိုးပါ၊ ဒါကလည်း ကျွန်မတို့ ဂုဏ်ယူသင့်တာပါပဲ" လို့ ဝန်ကြီးချုပ်အာဒန်းက သတင်းထောက်တွေကို ပြောပါတယ်။ ဝန်ကြီးကို လက်သီးနဲ့ထိုးခဲ့မှုဖြင့် အသက် ၄၇ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ပြီး သောကြောနေ့ (မတ်လ ၁၅ ရက်) ရုံးထုတ်စစ်ဆေးသွားမယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ကြောင်း NZ Herald သတင်းက ဖော်ပြပါတယ်။

Green Party ပြောခွင့်ရပုဂ္ဂိုလ်က ယခုဖြစ်ရပ်ဟာ အကြောင်းမဲ့သက်သက် တိုက်ခိုက်မှုဖြစ်ကြောင်းနဲ့ လက်သီးနဲ့အထိုးခံရတဲ့ ဂျိမ်းစ်ရှောဟာ မျက်ကွင်းညိုမည်းသွားခဲ့ပြီး ဆေးရုံမှာ သွားရောက်စစ်ဆေးမှု ကုသမှုခံယူခဲ့တယ်လို့ ပြောပါတယ်။ ဝန်ကြီးဂျိမ်းစ်ရှောကို တိုက်ခိုက်မှုဟာ နိုင်ငံရေးကိစ္စနဲ့ ဆက်နွယ်နေခြင်းရှိ မရှိ အတိအကျ မသိရသေးပါဘူး။

(ဝန်ကြီးဂျိမ်းစ်ရှော တိုက်ခိုက်ခံရသည့် နေရာအနီးရှိ ရုက္ခဗေဒဥယျာဉ်ဝင်ပေါက်) (Photo: NZHerald)

သို့သော် ကုန်သွယ်ရေးဝန်ကြီး ဒေးဗစ်ပါကားက ဒေသခံမီဒီယာကို ပြောကြားခဲ့မှုအရ လက်သီးနဲ့ထိုးခဲ့သူဟာ ကုလသမဂ္ဂနဲ့ပတ်သက်ပြီး အော်ဟစ်ပြောဆိုမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ နယူးဇီလန် လွှတ်တော်အမတ်တွေ အားလုံးကတော့ ယခုဖြစ်ရပ်အပေါ် အံ့သြတုန်လှုပ်ကာ စိုးရိမ်ခဲ့ကြတယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က