အေးချမ်းတိတ်ဆိတ်တဲ့ နယူးဇီလန်နိုင်ငံ ခရစ်ချတ်မြို့ရှိ ဗလီနှစ်ခုမှာ လူ ၄၉ ဦးကို ပစ်သတ်သွားခဲ့ပြီး ထိုသို့ ပစ်ခတ်နေမှုကိုလည်း ဗီဒီယိုရိုက်ကူးကာ အွန်လိုင်းမှာ Live လွှင့်ခဲ့ကြောင်း အဓိက သံသယရှိသူ လက်ယာစွန်းဝါဒီ အစွန်းရောက်တစ်ဦးကို ယမန်နေ့ (မတ်လ ၁၅ ရက်) က တရားရုံးမှာ လူသတ်မှုဖြင့် စွဲချက်တင်လိုက်ပါတယ်။
(Live ဗီဒီယိုမှာ တွေ့ရသည့် ဘရန်တန် တာရန့်) (Photo: AFP)
ထောင်ဝတ်စုံအဖြူ ဝတ်ဆင်ထားပြီး လက်ထိတ်ခတ်ထားတဲ့ အသက် ၂၈ နှစ်အရွယ် သြစတြေးလျးနိုင်ငံသား ဘရန်တန် တာရန့်ကို တရားရုံးမှာ တွေ့ခဲ့ရတယ်လို့ AFP သတင်းက ဖော်ပြပါတယ်။ ၎င်းကို နောက်ထပ် စွဲချက်များ တင်သွားမယ်လို့လည်း ယူဆရပါတယ်။ ဘရန်တန် တာရန့်ထံမှာ လိုင်စင်လုပ်ထားတဲ့ သေနတ်ခြောက်လက်ရှိခဲ့ကြောင်းနဲ့ နယူးဇီလန်ရဲ့ သေနတ်ဥပဒေကို ပြောင်းလဲသွားမယ်လို့ ဝန်ကြီးချုပ် ဂျက်စင်ဒါအာဒန်းက ပြောပါတယ်။
ပစ်ခတ်မှုနဲ့ဆက်စပ်ပြီး အခြားနှစ်ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကြောင်းနဲ့ ၎င်းတို့ဟာ ယခင်က ပြစ်မှုမှတ်တမ်းဟောင်း မရှိခဲ့ကြဘူးလို့ ဆိုပါတယ်။ ဘရန်တန် တာရန့်ဟာလည်း အကြမ်းဖက်သမား စောင့်ကြည့်စာရင်းမှာ ပါဝင်ထားခြင်းမရှိဘူးလို့ ဆိုပါတယ်။
(တရားရုံးမှာ တွေ့ရသည့် ဘရန်တန် တာရန့်) (Photo: Reuters)
ဘရန်တန် တာရန့်က တရားရုံးကြားနာမှုမှာ တိတ်ဆိတ်စွာဖြင့်ပင် ရှိနေခဲ့ပြီး ၎င်းကို ထိန်းသိမ်းထားရန် ချုပ်မိန့်ပေးခဲ့ပြီး လာမယ့် ဧပြီ ၅ ရက်မှာ နောက်တစ်ကြိမ် ရုံးထုတ်စစ်ဆေးမယ်လို့ သိရပါတယ်။ နယူးဇီလန်ဝန်ကြီးချုပ် ဂျက်စင်ဒါအာဒန်းက ယခုဖြစ်ရပ်ကို အကြမ်းဖက်သမား တိုက်ခိုက်မှုဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
၎င်းကို ဖမ်းဆီးနိုင်ခြင်းမရှိမီ နောက်ထပ် လူအများအပြားကို ပစ်ခတ်ရန် ရည်ရွယ်ခဲ့ကြောင်းလည်း ဝန်ကြီးချုပ်က ယနေ့ (မတ်လ ၁၆ ရက်) ပြောပါတယ်။ ဗလီနှစ်ခုမှာ ပစ်ခတ်မှုအတွင်း လူ ၃၉ ဦးလည်း သေနတ်ဒဏ်ရာများရခဲ့ကြပြီး ဆေးရုံမှာ ကုသမှုခံယူနေရပါတယ်။
(နယူးဇီလန်ဝန်ကြီးချုပ် ဂျက်စင်ဒါအာဒန်း) (Photo: AFP)
သေနတ်ဒဏ်ရာရခဲ့သူတွေအနက် အသက် ၂ နှစ်အရွယ် ယောက်ျားလေးတစ်ဦးနဲ့ အသက် ၄ နှစ်အရွယ် မိန်းကလေးတစ်ဦးတို့ဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေ ဖြစ်တယ်လို့ သိရပါတယ်။
မတ်လ ၁၅ ရက် မွန်းလွဲပိုင်းက ခရစ်ချတ်မြို့ Deans လမ်းမရှိ Al Noor ဗလီနဲ့ Linwood လမ်းမရှိ ဗလီတွေမှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ခရစ်ချတ်မြို့မှ မြို့ခံတွေကြား ထိတ်လန့်နေကြပြီး သေနတ်သမားက လူတွေကို ပစ်သတ်နေမှုအား ဗီဒီယိုရိုက်ကူးကာ အွန်လိုင်းမှာ Live လွှင့်ခဲ့မှုကိုလည်း ဒေါသထွက်နေကြပါတယ်။
(Live ဗီဒီယိုမှာတွေ့ရသည့် သေနတ်များ) (Photo: Reuters)
Al Noor ဗလီမှာ ပထမအကြိမ် ပစ်ခတ်ခဲ့ပြီးနောက် သေနတ်သမားက သုံးမိုင်အကွာ Linwood လမ်းမရှိ ဗလီကို ကားမောင်းသွားရောက်ကာ ဒုတိယအကြိမ် ပစ်ခတ်ခဲ့တယ်လို့ BBC က ဖော်ပြထားပါတယ်။ ရဲတပ်ဖွဲ့က သေနတ်တွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို ပစ်ခတ်မှုဖြစ်ပွားရာ ဗလီနှစ်ခုနဲ့ ကားအတွင်းမှာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။