• OnePlus တည်ထောင်သူနဲ့ အင်တာဗျူးမှာ မြင်ခဲ့ရတဲ့ OnePlus Nord ဒီဇိုင်း

ကျောဘက် L ပုံစံကင်မရာဒီဇိုင်းနဲ့ prototype လည်း ပြသခဲ့ပါတယ်

OnePlus Nord ဟာ ဒီနှစ်အတွက် upper mid-ranger ထဲမှာ စိတ်ဝင်စားဖို့အကောင်းဆုံး ဖုန်းတစ်လုံး ဖြစ်မှာပါ။

ဒီလထဲမှာ ထွက်လာမယ့် OnePlus Nord ဟာ ဈေးကွက်ကနေ မျှော်လင့်နေတဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။ လက်ရှိထွက်ထားတဲ့ OnePlus flagship မော်ဒယ်တွေကနေ နာမည်ရော ဒီဇိုင်းပါ ကွဲထွက်နေတဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။ နာမည်ကျော် YouTuber ဖြစ်တဲ့ မားကွက်ဇ်ဘရောင်လီနဲ့ OnePlus ရဲ့ Global Director ကားလ်ပိုင်တို့ရဲ့ အင်တာဗျူးမှာ OnePlus Nord ရဲ့ ဒီဇိုင်းနဲ့ပတ်သက်ပြီး တစ်ချို့အချက်အလက်လေးတွေလည်း ထပ်သိလာရပြီ ဖြစ်ပါတယ်။


OnePlus Nord ဟာ ကျောဘကင်မရာဒီဇိုင်း ပြောင်းထားတဲ့ OnePlus ဖုန်းပါ။ လတ်တလော ထွက်ထားတဲ့ OnePlus 8 စီးရီးမှာ ကျောဘက်အလယ် ထောင်လိုက်ကင်မရာတန်းပုံစံ သုံးခဲ့ပြီး OnePlus Nord မှာတော့ ဘယ်အပေါ်ထောင့်ကို ပြောင်းထားတာ တွေ့ရပါတယ်။ ကားလ်ပိုင်ဟာ OnePlus Nord prototype ဒီဇိုင်းတစ်ခုပါ ထုတ်ပြသွားပါတယ်။ 

ကားလ်ပိုင်ထုတ်ပြတဲ့ နောက်ဆုံးအဆင့် ဒီဇိုင်းမရောက်ခင် OnePlus Nord နမူနာဒီဇိုင်းထဲမှာ ကျောဘက်မှာ L ပုံစံ ကင်မရာဒီဇိုင်း နဲ့ ရှေ့ဘက်ဘယ်အပေါ်ထောင့်မှာ dual Punch-hole selfie ကင်မရာကွက် သုံးထားတဲ့ ဖုန်းဒီဇိုင်းလည်း ပါဝင်ပါတယ်။ ဒီ prototype ကတော့ display ဘေးတစ်ဝိုက်လုံး bezel တွေ သုံးထားတာပါ။

လက်ရှိ နာမည်ကြီးနေတဲ့ OnePlus Nord ကျောဘက် ကင်မရာဒီဇိုင်းကတော့ အပေါ်ဘယ်ဘက်ဘေးကပ် ထောင်လိုက်လေးလုံးတွဲကင်မရာစနစ် ဖြစ်ပါတယ်။ OnePlus Nord ဟာ မျက်နှာပြင် ၆.၅၅ လက်မ OLED display နဲ့ လာပြီး 90Hz refresh rate ပါရှိမယ်လို့ ဆိုပါတယ်။ RAM 6GB/128GB storage ပါရှိပြီး ဘက်ထရီပါဝါ 4300mAh သုံးသွားဖို့ ရှိပါတယ်။

Snapdragon 765G Processor သုံးပြီး 5G ရမယ့် ဖုန်းလည်း ဖြစ်မှာပါ။ OnePlus ပူးတွဲတည်ထောင်သူ ကားလ်ပိုင်ကတော့ display ပိုင်းမှာ သုံးရတာ ချောမွေ့သွက်လက်ဖို့အတွက် အများကြီး အားစိုက်ခဲ့တယ်လို့လည်း ပြောပါတယ်။ အင်တာဗျူးမှာ ထူးခြားတာ တစ်ခုက ကားလ်ပိုင်ဟာ ဈေးကွက်မှာ ကြေညာခြင်း မရှိသေးတဲ့ OnePlus Buds နားကြပ် တပ်ဆင်ထားတာ ဖြစ်ပါတယ်။

Photo: 9to5google

ဘရောင်လီနဲ့ ကားလ်ပိုင်တို့ရဲ့ အင်တာဗျူးမှာ စမတ်ဖုန်းပစ္စည်းအစိတ်ပိုင်းတွေရဲ့ ကုန်ကျစရိတ်(Bill of Materials) အကြောင်းပါ ဆွေးနွေးခဲ့ပါတယ်။ ဒီထဲမှာ NFC နဲ့ IP Rating တို့လို feature တွေ ရဲ့ ကုန်ကျစရိတ်အကြောင်းလည်း ပါဝင်ခဲ့ပါတယ်။ NFC ဟာ BOM အတွက် ၄ ဒေါ်လာ ကျသင့်ပြီး စမ်းသပ်မှုတွေ လုပ်ရာမှာ သုံးတဲ့ စက်ယန္တရားတွေ ဈေးကြီးမှုကြောင့် IP rating ကတော့ ၁၅ ဒေါ်လာ ကျသင့်မယ်လို့ ဆိုပါတယ်။ 

OnePlus Buds နားကြပ် နဲ့ OnePlus Nord ဖုန်းသစ်တွေကို လာမယ့် ဇူလိုင် ၂၁ ရက်နေ့ အိန္ဒိယနဲ့ ဥရောပဈေးကွက်တွေမှာ ပထမဆုံး မိတ်ဆက်ဖြန့်ချိသွားမှာ ဖြစ်ပြီး ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၅၀၀ အောက် ကျသင့်မှာ ဖြစ်တယ်လို့လည်း သတင်းထွက်နေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က