နီးစပ်ရာဆေးရုံတွေမှာ ကုသမှုခံယူကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ပြည်သူတွေအနေနဲ့ ကိုဗစ်သံသယလက္ခဏာတွေ ခံစားနေရပါက နေအိမ်မှာပဲ ဆေးမြီးတိုနဲ့မကုသဘဲ နီးစပ်ရာ ကျန်းမာရေးဌာနတွေကို သွားရောက်ပြသကာ ကုသမှု ခံယူသင့်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သတိပေးပြောကြားလိုက်ပါတယ်။

ကိုဗစ်-၁၉နဲ့ပတ်သက်ပြီး ပြည်သူတွေကို တင်ပြတဲ့ မိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့တာဖြစ်ပြီး အခုလို အိမ်မှာ ဆေးမြီးတိုနဲ့ ကုသလို့ မနိုင်တော့မှ ဆေးရုံကို သွားတဲ့အခါ ထိရောက်စွာကုသဖို့ ခက်ခဲသွားတဲ့အခြေအနေတွေရှိတယ်လို့ အတိုင်ပင်ခံကပြောကြားခဲ့တာပါ။

“ လက်ရှိမှာ လူနာအရေအတွက်တွေများလာသလို သေဆုံးသူတွေလည်း တိုးလာတဲ့အတွက် စိုးရိမ်မှုတွေရှိနေကြမှာ အမှန်ပါပဲ။ စိုးရိမ်နေကြလို့လည်း အခြေအနေက ကောင်းလာမှာမဟုတ်ပါဘူး။ အခုချိန်မှာ တတ်နိုင်သမျှရောဂါရှိတာကို တွေ့နိုင်အောင်လုပ်ရင် ကုသမှုက ပိုပြီးထိရောက်နိုင်ပါတယ်။ အခုကြုံတွေ့ရတာမှာ တချို့တွေက ရောဂါရှိတယ်လို့ထင်ရင် အိမ်မှာ ကိုယ့်ဘာသာ ကုဖို့ကြိုးစားတဲ့သူတွေရှိနေပါတယ်။ အိမ်မှာ ဆေးမြီးတိုနဲ့ကုလို့ မရမှ ဆေးရုံသွားတာတွေက နောက်ကျတော့ ကုသဖို့အရမ်းခက်ခဲပါတယ်။ အဲဒါကြောင့် ရောဂါခံစားနေရရင် ဆေးရုံတွေကို အချိန်မီသွားကုသမှုခံယူဖို့လိုပါတယ်”လို့ အတိုင်ပင်ခံကပြောကြားခဲ့ပါတယ်။

ပြည်သူတွေအနေနဲ့ နီးစပ်ရာ ခရိုင် မြို့နယ်ဆေးရုံတွေကိုလည်း စိတ်ချလက်ချ ကုသမှု ခံယူနိုင်ဖို့အတွက် နိုင်ငံတော်အနေနဲ့ကလည်း ဆေးရုံတွေကို ထောက်ပံ့မှုတွေလုပ်ဆောင်ပေးသွားမယ်လို့ဆိုပါတယ်။

လက်ရှိ နိုင်ငံတွင်းက သံသယလူနာတွေမှာရောဂါပိုးရှိမရှိ ကို မှန်မှန်နဲ့ မြန်မြန် စစ်ဆေးနိုင်မယ့် ဆေးပစ္စည်းတွေ ကိုတောင်ကိုရီးယားနိုင်ငံကနေ မှာယူထားတာရှိတဲ့အပြင် တောင်ကိုရီးယားအစိုးရကည်း အမေရိကန်ဒေါ်လာ ငါးသိန်းဖိုး လှူဒါန်းဖို့ရှိနေပြီးမကြာမီ ရက်ပိုင်းအတွင်း ရောက်ရှိလာမှာဖြစ်ကာတစ်နိုင်ငံလုံး မြို့နယ် ဆေးရုံတွေကို ဖြန့်ဝေသွားမှာဖြစ်တယ်လို့ သိရပါတယ်။


Share

Loading Next Article...
က္က