အိန္ဒိယမှာ ဘောလိဝုဒ်မင်းသား ဆူရှန်ဆင်းရာ့ဂျ်ပွတ် သေဆုံးမှုနဲ့ ဆက်နွယ်ပြီး စုံစမ်းစစ်ဆေးနေတဲ့ မူးယစ်ဆေးဝါးထိန်းချုပ်ရေး အာဏာပိုင်အဖွဲ့ (Narcotics Control Bureau-NCB) က နာမည်ကြီး ဘောလိဝုဒ်မင်းသမီးများ အပါအဝင် လူခြောက်ဦးထက်မနည်းကို ဆင့်ခေါ်မေးမြန်းခဲ့ပါတယ်။

(မင်းသမီး ဒီပီကာကို NCB က ခေါ်ယူမေးမြန်းခဲ့စဥ်) (Photo: Reuters)
NCB က ဆင့်ခေါ်မေးမြန်းခဲ့သူတွေအနက် ဘောလိဝုဒ်စတား မင်းသမီး ဒီပီကာပဒူကွန်း ပါဝင်ခဲ့ပါတယ်။ သူမအပြင် အခြား မင်းသမီးနှစ်ဦးကိုလည်း NCB က ဆင့်ခေါ်မေးမြန်ခဲ့တယ်လို့ ဆိုပါတယ်။ NCB က မင်းသမီးဒီပီကာကို မွမ်ဘိုင်းမြို့မှာ ယနေ့ (စက်တင်ဘာ ၂၆ ရက်) ခြောက်နာရီကြာ မေးမြန်းခဲ့ကြောင်း သိရပါတယ်။ ထို့အတူ မင်းသမီး ဆာရာအလီခန်းနဲ့ ရှရက်ဒ်ဟာကပူးရ်တို့ကိုလည်း NCB ရုံးမှာ သောကြာနေ့ (စက်တင်ဘာ ၂၅ ရက်) က သီးခြားစီး ဆင့်ခေါ်မေးမြန်းခဲ့ပါတယ်။ အာဏာပိုင်တွေက မင်းသမီးတွေကို တရားစွဲဆိုမှု မရှိခဲ့ပါဘူး။
ဘောလိဝုဒ်မှာ အောင်မြင်မှုတွေရရှိနေတဲ့ အသက် ၃၄ နှစ်အရွယ် မင်းသားဆူရှန်ကို ဇွန် ၁၄ ရက်နေ့က သူ့ရဲ့ မွမ်ဘိုင်းမြို့ရှိ တိုက်ခန်းမှာ သေဆုံးလျက်သား တွေ့ခဲ့ရပါတယ်။ ရဲတပ်ဖွဲ့က ဆူရှန်ဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တယ်လို့ ထိုစဥ်က ထုတ်ပြန်ခဲ့ပါတယ်။ သို့သော် မင်းသားရဲ့မိသားစုက သူ့ရဲ့ချစ်သူ မင်းသမီး ရီအာချက်ကရာဘော်တီကို သေကြောင်းကြံစည်ရန် အားပေးကူညီမှုနဲ့ အခြားအမှုများဖြင့် ရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ်။ မင်းသမီးချက်ကရာဘော်တီကတော့ သူမကို စွပ်စွဲမှုအားလုံးကို ငြင်းဆိုထားခဲ့ပါတယ်။ အိန္ဒိယမီဒီယာတွေမှာ အလေးပေး ဖော်ပြနေခဲ့တဲ့ မင်းသားဆူရှန် သေဆုံးမှုကို ယခုအခါ ပြည်ထောင်စုအဆင့် ဌာနသုံးခုက စုံးစမ်းစစ်ဆေးနေတယ်လို့ BBC သတင်းက ဖော်ပြပါတယ်။
(မင်းသမီး ဆာရာအလီခန်း) (Photo: Getty Images)
(မင်းသမီး ရှရက်ဒ်ဟာကပူးရ်) (Photo: Shraddha Kapoor/IG)
နာမည်ကြီးမင်းသား ဆူရှန် သေဆုံးမှုဟာ လတ်တလော လပိုင်းအတွင်း အိန္ဒိယမှာ စိတ်ဝင်တစားဖြင့် အငြင်ပွားနေကြတဲ့ အကြောင်းအရာတစ်ခု ဖြစ်နေခဲ့ပါတယ်။ မင်းသားဆူရှန်လို အောက်ခြေဘဝကနေ အောင်မြင်တဲ့ ဘောလိဝုဒ်သရုပ်ဆောင် ဖြစ်လာတဲ့အထိ စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင်နဲ့ ဖြတ်သန်းလာသူဟာ ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့လဲဆိုတဲ့ မေးခွန်းရဲ့အဖြေကို သူ့ရဲ့ပရိသတ်တွေ သိချင်နေကြပါတယ်။
ဆူရှန်ဆိုတာ ...
ဘောလိဝုဒ်မင်းသား ဆူရှန်ဟာ အိန္ဒိယရဲ့ အဆင်းရဲဆုံး ပြည်နယ်တွေထဲမှာပါဝင်တဲ့ ဘီဟာပြည်နယ်မှာ ကြီးပြင်းခဲ့သူ ဖြစ်ပါတယ်။ ဆူရှန်ဟာ သူ့ရဲ့ အောင်မြင်တဲ့ ဘောလိဝုဒ်ဇာတ်ကားတွေထဲမှာ သူ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်အချို့ကဲ့သို့ပင် တစ်မူထူးခြားတဲ့ ဘဝတစ်ခုမှာ ရှင်သန်နေထိုင်ခဲ့သူလို့ ဆိုပါတယ်။
(Photo: Getty Images)
သူဟာ အလုပ်ကြိုးစားသူဖြစ်ပြီး အိန္ဒိယရဲ့ ထိပ်တန်းအဆင့် အင်ဂျင်နီယာကောလိပ်ကျောင်းထဲမှ ကျောင်းတစ်ကျောင်းမှာ တက်ရောက်ပညာသင်ကြားခဲ့သူပါ။ ထိုသို့ တက်ရောက်ပညာသင်ကြားနိုင်ခြင်းက အိန္ဒိယရဲ့ လူလတ်တန်းစား မိသားစုတွေအတွက် ခိုင်မာတောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်တဲ့လမ်းကြောင်းလို့ ဆိုပါတယ်။
သို့သော် ဆူရှန်ရဲ့ နှလုံးသားက သရုပ်ဆောင်ခြင်းကို ခုံမင်နှစ်သက်ခဲ့ပါတယ်။ ဆူရှန်က အင်ဂျင်နီယာကောလိပ်မှထွက်ပြီး ဘောလိဝုဒ်အခြေစိုက်တဲ့ မွမ်ဘိုင်းမြို့တော်ဆီကို ခြေဆန့်လာခဲ့ပါတယ်။ ဆူရှန်ဟာ မထင်မရှား သရုပ်ဆောင်အဖြစ် စတင်ခဲ့ပြီး ပြဇာတ်နယ်ပယ်မှာ နှစ်နဲ့ချီ ပါဝင်ခဲ့ပါတယ်။
(ဆူရှန်နဲ့ ချက်ကရာဘော်တီ) (Photo: Indian Express)
နောက်ပိုင်းမှာတော့ ဆူရှန်ဟာ တီဗီရှိုးမှာ အောင်မြင်လာခဲ့ပြီး ထိုမှတစ်ဆင့် ဘောလိဝုဒ်ဇာတ်ကားတွေမှာ ပါဝင်ခွင့်ရရှိကာ အောင်မြင်တွေရရှိလာခဲ့ပါတယ်။ ဆူရှန်ရဲ့ တစ်ကယ့်ဘဝ ဖြတ်သန်းမှုအကြောင်းက မြို့ငယ်လေးတွေမှာ လူငယ်လူရွယ်တွေအတွက် သူတို့ရဲ့ ရည်မှန်းချက်အောင်မြင်ရေး စိတ်အားထက်သန်မှု ဖြစ်စေခဲ့ပါတယ်။ ထို့ကြောင့်လည်း ဆူရှန်ရဲ့ ပရိသတ်အများစုက သူ့ရဲ့သေဆုံးမှုကို ၎င်းတို့ရဲ့ ဆုံးရှုံးမှုတစ်ခုအဖြစ် ခံစားခဲ့ကြရပါတယ်။ ဆူရှန်ဟာ ၂၀၁၃ မှ ၂၀၂၀ ခုနှစ်အထိ ခုနစ်နှစ်အတွင်း ထွက်ရှိခဲ့တဲ့ ဘောလိဝုဒ်ဇာတ်ကား ၁၂ ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။