သီရိလင်္ကာနိုင်ငံက အမှိုက်ကွန်တိန်နာတွေကို ဗြိတိန်သို့ ပြန်ပို့ခဲ့ပြီး အဆိုပါ အမှိုက်ကွန်တိန်နာတွေဟာ ဘေးအန္တရာယ်ရှိစေတဲ့ပစ္စည်းများ ပို့ဆောင်ခြင်းဆိုင်ရာ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်ပြီး ပို့ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
(Photo: Sri Lankan Customs/AFP)
အမှိုက်တန်ချိန် ၂၆၀ ပါရှိတဲ့ ကွန်တိန်နာ ၂၁ လုံးဟာ သီရိလင်္ကာမြို့တော် ကိုလံဘိုမြို့ရဲ့ အဓိက ဆိပ်ကမ်းသို့ ၂၀၁၇ ခုနှစ် စက်တင်ဘာလနဲ့ ၂၀၁၈ ခုနှစ် မတ်လအတွင်း ရောက်ရှိခဲ့တယ်လို့ အကောက်ခွန်ဌာနက AFP သတင်းဌာကို ပြောပါတယ်။ အဆိုပါ ကွန်တိန်နာတွေကို စက်တင်ဘာ ၂၆ ရက်နေ့မှာ သီရိလင်္ကာကနေ ဗြိတိန်သို့ ပြန်ပို့လိုက်ကြောင်း အကောက်ခွန်ဌာနက ဖြည့်စွက် ပြောခဲ့ပါတယ်။
အမှိုက်ကွန်တိန်နာများထဲမှာ အသုံးပြုပြီးသား မွေ့ရာများ၊ ကော်ဇောများနဲ့ ခြေသုတ်ခုံများပါရှိကြောင်း ဖော်ပြထားခဲ့ပေမဲ့ နိုင်ငံတကာဥပဒေအရ တားမြစ်ထားတဲ့ ဆေးရုံမှထွက်ရှိတဲ့ အမှိုက်တွေလည်း ပါရှိနေခဲ့ကြောင်း သီရိလင်္ကာအစိုးရ တာဝန်ရှိသူတွေက ဆိုပါတယ်။
(Photo: Sri Lankan Customs/AFP)
"ပို့လိုက်တဲ့ ကုမ္ပဏီက ဒီကွန်တိန်နာ ၂၁ လုံးကို ပြန်ယူဖို့သဘောတူခဲ့ပါတယ်၊ ကွန်တိန်နာတွေ နိုင်ငံထဲသွင်းလာမှုမှာ တာဝန်ရှိတဲ့သူတွေဆီကနေ လျော်ကြေးတောင်းဖို့ ကျွန်တော်တို့ လုပ်နေပါတယ်" လို့ အကောက်ခွန်ဌာန ပြောခွင့်ရအမျိုးသား Sunil Jayaratne က AFP ကို ပြောခဲ့ပါတယ်။ အကောက်ခွန်ဌာနက ကွန်တိန်နာတွေထဲမှာ ပါရှိလာတဲ့ ဆေးရုံအမှိုက်တွေဟာ မည်သည့်အရာတွေဖြစ်ကြောင်း ထုတ်ဖော်ပြောခဲ့ခြင်း မရှိပါဘူး။
သို့သော် ယခင်က တရားမဝင် တင်သွင်းလာခဲ့တဲ့ ကွန်တိန်နာတွေထဲမှာတော့ ဆေးရုံသုံး အဝတ်စုတ်များ၊ ပတ်တီးများနဲ့ ရင်ခွဲရုံမှ ခန္ဓာကိုယ်အစိတ်အပိုင်းများ ပါရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောခဲ့ဖူးပါတယ်။ နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး တားမြစ်ထားတဲ့ အမှိုက်တွေ ပါရှိနေတဲ့ ဗြိတိန်မှ နောက်ထပ် ကွန်တိန်နာ ၂၄၂ လုံးကိုလည်း ကိုလံဘိုမြို့တော်ရဲ့ အဓိကဆိပ်ကမ်းနဲ့ မြို့တော်ပြင်ပရှိ လွတ်လပ်တဲ့ ကုန်သွယ်မှုဇုန်တစ်ခုမှာ စွန့်ပစ်ထားဆဲဖြစ်ကြောင်း သိရပါတယ်။
(Photo: Getty Images)
ထိုကွန်တိန်နာတွေဟာ ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်အတွင်း သီရိလင်္ကာသို့ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ သီရိလင်္ကာအစိုးရက ကွန်တိန်နာများတင်ပို့လိုက်တဲ့ ကုမ္ပဏီကို ကွန်တိန်နာ ၂၄၂ လုံးအား နိုင်ငံအတွင်းမှ ဖယ်ရှားပေးရန် ဥပဒေအရ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ယမန်နှစ်အတွင်း သီရိလင်္ကာ စုံစမ်းစစ်ဆေးမှုတစ်ခုက တရားမဝင် တင်သွင်းခဲ့တဲ့ ဘေးအန္တရာယ်ရှိ အမှိုက်တန်ချိန် ၃,၀၀၀ နီးပါးကို စုံစမ်းစစ်ဆေးခဲ့ရာ တင်သွင်းတဲ့ကုမ္ပဏီက တန်ချိန် ၁၈၀ ကို အိန္ဒိယနဲ့ ဒူဘိုင်းသို့ ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်အတွင်း ပြန်ပို့ခဲ့ကြောင်း တွေ့ရပါတယ်။ အာရှဒေသမှ နိုင်ငံတွေဟာ ချမ်းသာကြွယ်ဝတဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ အမှိုက်ပုံအသွင် ဖြစ်လာနေပြီး လွန်ခဲ့တဲ့ ၂ နှစ်အတွင်း မူလတင်ပို့လိုက်တဲ့ နိုင်ငံများသို့ ပြန်လည်ပို့ဆောင်မှုတွေ ရှိလာခဲ့ပါတယ်။