ဆွန်ဟောင်မင်နဲ့ဘေးလ်တို့ ပါဝင်ဖို့ မဖြစ်နိုင်ချိန်မှ အလီကို အသုံးပြုဖို့ စဥ်းစားလာတာကတော့ အလီအတွက် အသင်းမှာ လိုသုံးအဆင့်ပဲ ဖြစ်နေပြီလားဆိုတာ မေးခွန်းထုတ်ချင်စရာ ကောင်းပါတယ်။
စပါးနည်းပြ မော်ရင်ဟိုက အသင်းနဲ့အတူ ပွဲထွက်ပါဝင်ခွင့် ဆုံးရှုံးနေတဲ့ အင်္ဂလန် လက်ရွေးစင် အလီကို လာမယ့် မကာဘီဟိုင်ဖာနဲ့ကစားမယ့် ယူရိုပါလိဂ်ပွဲစဥ်မှာ ထည့်သွင်းအသုံးပြုသွားဖို့ ရှိနေတယ်လို့ အတည်ပြု ပြောလာ ခဲ့ပါတယ်။
အသက် ၂၄နှစ်အရွယ် အလီဟာ နယူးကာဆယ်နဲ့သရေကျခဲ့တဲ့ပွဲ ချဲလ်ဆီးကို ပင်နယ်တီနဲ့ အနိုင်ရခဲ့တဲ့ပွဲတွေမှာ နည်းပြ မော်ရင်ဟိုရဲ့ ချန်လှပ်ခြင်းကိုခံခဲ့ရသူပါ။
အဓိက ကစားသမားတစ်ဦးဖြစ်သော်လည်း ရာသီအစမှာ ရီးရဲတောင်ပံ ကစားသမား ဂါရတ်ဘေးလ်ကို ခေါ်ယူခဲ့မှု နဲ့အတူ အသင်းပြောင်းမယ်လို့ သတင်းထွက်ပေါ်ခဲ့သူပါ။ အဲ့နောက်မှာတော့ နည်းပြမော်ရင်ဟိုရဲ့ ဦးစားပေး အသုံးပြုခြင်းကို မခံရတော့ပဲ ဒဏ်ရာကြောင့်သာ မပါဝင်နိုင် ဖြစ်နေတယ်လို့ အစောပိုင်းတုန်းက ထုတ်ပြန် ခဲ့တာ တွေလည်း ရှိပါတယ်။
ဒါပေမယ့်လည်း လက်ရှိမှာတော့ ကစားသမားရဲ့ ပရော်ဖက်ရှင်နယ် ဆန်ဆန် တုံ့ပြန်မှုတွေကို နည်းပြမော်ရင်ဟို က အထင်ကြီးလေးစားလျက်ရှိပြီး -“တစ်ခု အသေချာ ပြောနိုင်တာကတော့ သူဟာ တကယ့် ပရော်ဖက်ရှင်နယ် ပီသတဲ့ ကစားသမားဖြစ်ပြီး လေ့ကျင့်ခန်းကိုလည်း ပြင်းပြင်းထန်ထန် လုပ်ဆောင်ပါတယ်။”လို့ မော်ရင်ဟိုက ဆို လာပါတယ်။
လက်ရှိ အချိန် စပါးအသင်းမှာ အဓိက ကစားသမားတွေဖြစ်ကြတဲ့ ဆွန်ဟောင်မင်နဲ့အသစ်ခေါ်ထားတဲ့ ဘေးလ်တို့ ဟာ ယူရိုပါလိဂ်ပွဲကစားဖို့ အဆင်သင့်အနေအထားမှာ ရှိမနေတာကြောင့် အလီရဲ့ ယခုနှစ်ရာသီ တတိယမြောက် ပွဲထွက်ခွင့်ရမယ့်ပွဲ အဖြစ် ရှိလို့နေပါတယ်။
“လေ့ကျင့်ခန်းတစ်ခုမှာ ပရော်ဖက်ရှင်နယ်ဆန်ဆန် စိတ်ဓာတ်မြင့်မားမှု ပျောက်ဆုံးနေရင်တောင် လက်ခံလို့ ရပါ တယ်။ဒါပေမယ့် သူ့ အသင်းဖော်တွေအပေါ်မှာတော့ လေးစားမှုအပြည့်ရှိတာ တွေ့ရပါတယ်။ဒါကြောင့် လာမယ့် ပွဲမှာ သူပါဝင်လာနိုင်ပါတယ်။”လို့ မော်ရင်ဟိုက ဆက်လက်ဆိုပါတယ်။
ယခုကစားမယ့် ယူရိုပါလိဂ်ပွဲမှာ အနိုင်ရတဲ့အသင်းက အုပ်စုအဆင့်ပွဲစဥ်တွေကို ပါဝင်ကစားခွင့်ရမှာ ဖြစ်တာ ကြောင့် မော်ရင်ဟိုအနေနဲ့ ပြီးခဲ့တဲ့ချဲလ်ဆီးကို အနိုင်ရခဲ့တဲ့ ကာရာဘောင်ပွဲစဥ်မှာ အသင်းကို ထိန်းသိမ်းပြီး ကစားခဲ့တာလည်း တွေ့ရပါတယ်။
မော်ရင်ဟိုအနေနဲ့ အဓိက ကစားသမားအချို့ကို လက်လွှတ်ထားရချိန်မှ အလီကို အသုံးပြုဖို့ စဥ်းစားပေးလာတာ ကတော့ အသင်းပရိသတ်တွေအတွက် ကျေနပ်စရာ ရှိပေမယ့် လိုသုံးဖြစ်နေတဲ့ ကစားသမားတစ်ဦးရဲ့ ခံစားချက် မှာတော့ အနည်းငယ် သိမ်ငယ်စိတ်ရှိနိုင်ပါတယ်။
အလီအနေနဲ့ စပါးမှာ ပွဲထွက်ခွင့်ရဖို့ တိုက်ပွဲဝင်မလား ၊ အခြားပွဲထွက်ခွင့်ရမယ့် အသင်းတစ်သင်းကို ပြောင်းရွှေ့ ကစားမလား ဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
Share