မြန်မာ့ရုပ်ရှင်နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် ဇာတ်ကားကောင်းတွေကို အွန်လိုင်းကနေ မိမိနှစ်သက်ရာ ရွေးချယ် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
မြန်မာ့ရုပ်ရှင် နှစ်(၁၀၀) ပြည့်အမှတ်တရ အစီအစဉ်ကောင်းတွေကို MRTV ရုပ်သံလိုင်းသာမက နောက်ထပ် Free to air ရုပ်သံလိုင်းများနဲ့ Mobile Application တွေကနေတဆင့် ပရိသတ်တွေ ကြည့်ရှုနိုင်အောင် စီစဥ်ထားတယ်လို့ မြန်မာ့ရုပ်ရှင်အစည်းအရုံး ဒုဥက္ကဌ ဦးအေးကြူလေးက ပြောပါတယ်။
“ ရုပ်ရှင် နှစ်(၁၀၀) ပြည့်အစီအစဉ်အတွက် ရုပ်ရှင် ဇာတ်ကားတွေ လွှင့်ဖို့ မြန်မာ့အသံအပြင် နောက်ထပ် ရုပ်သံလိုင်းတွေအများကြီးကို ပေးထားပြီးသားပါ။ နောက်တိုးတဲ့ ရုပ်သံလိုင်းတွေရောပေါ့။ ရုပ်ရှင်ဇာတ်ကားတွေနဲ့ ပတ်သက်ပြီး မိုလ်ဘိုင်းအပလီကေးရှင်းတွေထဲက မဟာ နဲ့ ကွတ်ကီးတို့ကိုလည်း ဇာတ်ကားတွေ ပေးထားတယ်။ သူတို့ဆီမှာလည်း သူတို့ ဝယ်ထားတဲ့ ဇာတ်ကားတွေ ရှိတယ်။ Channel တွေ အကုန်လုံးကတော့ လောလောဆယ် ပြနေပြီ။သူ့ အစီအစဉ်နဲ့ သူပြနေကြတာပါပဲ" လို့ Duwun ကို ပြောပါတယ်။
ရုပ်ရှင် နှစ်(၁၀၀) ပြည့်အမှတ်တရ ဇာတ်ကားကောင်းတွေကို ဖုန်းထဲကနေတဆင့် ကြည့်ရှုနိုင်ဖို့ အတွက် Mahar Mobile App နဲ့ Cookies Tv Mobile App တို့ကလည်း ဇာတ်ကားကောင်းတွေကို တင်ပေးသွားမယ်လို့ သိရပါတယ်။ Cookies TV Mobile App မှာတော့ ရုပ်ရှင် နှစ်(၁၀၀) ပြည့်အမှတ်တရ အထူး အစီအစဉ်အနေနဲ့ ရုပ်ရှင် ဇာတ်ကားကောင်း(၆၁) ကားကို ရွေးချယ်ထားတယ်လို့ သိရပါတယ်။ ဒီ ဇာတ်ကား (၆၁) ကားကို အောက်တိုဘာလ (၁၃) ရက်နေ့မှ စတင်ကာ တစ်လတိတိ အခမဲ့ ကြည့်ရှုသွားနိုင်မှာဖြစ်တယ်လို့ Cookies TV မှ တာဝန်ရှိသူ မဆုမြတ်ကေခိုင်က Duwunကို ပြောပြချက်အရ သိရပါတယ်။
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) မှာ မြန်မာ့ရုပ်ရှင်နှစ် (၁၀၀) ပြည့် ဇာတ်ကားများကို နေ့စဉ် ထုတ်လွှင့်ပြသလျှက်ရှိပြီး နာမည်ကျော်သရုပ်ဆောင်များ သီဆိုတဲ့ နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် သီချင်းများကိုလည်း အပတ်စဉ် သောကြာနေ့တိုင်း (၁၀) ပုဒ်စီ ထုတ်လွှင့်ပြသနေပါတယ်။
ရုပ်ရှင်နှစ်(၁၀၀) ပြည့် အထိမ်းအမှတ်အဖြစ် ပြသနေတဲ့ ရုပ်ရှင်တွေထဲမှာ ရွှေရတုခေတ် (လွန်ခဲ့တဲ့ နှစ် ၁၀၀ နဲ့ ၇၅ နှစ်အတွင်းက) အဖြူအမဲရုပ်ရှင်များကစတင်ကာ ကာလာရုပ်ရှင်များအထိ အစုံအလင် ပါဝင်သလို မင်းသားကြီး ဇော်လွင်၊ မောင်တင်မောင်၊ဖိုးပါကြီး စတဲ့ ရှေးခေတ်မင်းသားတွေကစလို့ ဝင်းဦးနဲ့ တခြား နာမည်ကြီး မင်းသားမင်းသမီးတွေရဲ့ ရုပ်ရှင်ကားများပါဝင်တယ်လို့ သိရပါတယ်။
စာရေးဆရာကြီး ပီမိုးနှင်းရဲ့ ဝတ္ထုကို ဘားမားဖလင်ကုမ္ပဏီက လန်ဒန်အတ် ဦးအုန်းမောင်က ရိုက်ကူးပြီး မင်းသား ဦးညီပုပါဝင်ခဲ့တဲ့ မြန်မာ့ပထမဆုံး ရုပ်ရှင် “မေတ္တာနှင့် သူရာ” ဇာတ်ကားကို ၁၉၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၃ ရက်မှာ စတင်ပြသခဲ့တာ ဖြစ်လို့ ယခု အောက်တိုဘာ ၁၃ ရက်ဆိုရင်
မြန်မာ့ရုပ်ရှင်သက်တမ်း နှစ်(၁၀၀) တိုင်ပါပြီ။
နှစ် (၁၀၀)ပြည့် အထိမ်းအမှတ်အနေနဲ့ ရုပ်ရှင်သမိုင်းပြတိုက်ကြီးကို ပြန်လည်မွမ်းမံထားကာ နှစ်(၁၀၀) ပြည့်အတွင်းမှာ အောင်မြင်ခဲ့ကြတဲ့ အနုပညာရှင်တွေရဲ့ ပုံရိပ်တွေကိုလည်း ပြတိုက်မှာ ပြသထားတာ တွေ့ရပါတယ်။
မြန်မာရုပ်ရှင်နှစ်(၁၀၀) ပြည့်ပွဲကြီးနဲ့ ရုပ်ရှင်အကယ်ဒမီပေးပွဲကြီးကို တစ်ပေါင်းတည်းပြုလုပ်ပြီး ခမ်းနားကြီးကျယ်စွာ ကျင်းပဖို့ စီစဥ်ထားပေမယ့်လည်း မထင်မှတ်ထားတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဘေးအန္တရာယ်ကြောင့် အခုလို အွန်လိုင်းကနေ ကျင်းပပြုလုပ်နေရခြင်းလည်းဖြစ်ပါတယ်။