နေတိုးကတော့ ရုပ်ရှင်နှစ်(၁၀၀) ပြည့်အမှတ်တရစကားပြောကြားရင်း သူ့ရဲ့ အနုပညာသက်တမ်းလည်း နှစ်(၂၀)တိုင်ခဲ့ပြီဖြစ်တယ်လို့ဆိုပါတယ်။

Photo: Nay Toe
နေတိုးကတော့ မြန်မာနိုင်ငံရဲ့ အနုပညာလောကမှာ ထိပ်တန်းစာရင်းဝင် သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ အခုဆိုရင် အနုပညာလောကထဲမှာ ဖြတ်သန်းလာခဲ့တာ နှစ်(၂၀) တိုင်ခဲ့ပြီလို့လည်း သူက ဆိုပါတယ်။
“ အခုဆိုရင် မြန်မာ့ရုပ်ရှင်က နှစ်(၁၀၀) ပြည့်သွားခဲ့ပါပြီ။ နှစ်(၁၀၀) ပြည့်တဲ့ အချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော့်ရဲ့ အနုပညာသက်တမ်းကလည်း နှစ်(၂၀) ပြည့်တဲ့နေ့ ဖြစ်နေပါတယ်။ ကျွန်တော်တို့ အနေနဲ့ နှစ်(၁၀၀) ပြည့်တဲ့အချိန်မှာ ပရိသတ်တွေကို ကြီးမားတဲ့ ဖျော်ဖြေတင်ဆက်မှုတွေနဲ့ ပရိသတ်ကို မလုပ်ပေးနိုင်တဲ့ အတွက် ဒီနေရာကနေ ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်ပါတယ်” လို့ မြန်မာ့ ရုပ်ရှင် နှစ်(၁၀၀) ပြည့်ဆုတောင်းစကားထဲမှာပြောထားတာ ဖြစ်ပါတယ်။
Photo: Nay Toe
လက်ရှိဖြစ်ပေါ်နေတဲ့ COVID-19 ကူးစက်ရောဂါကြောင့် ရုပ်ရှင်အနုပညာနဲ့ ပတ်သက်တဲ့ ပွဲလမ်းသဘင်တွေ၊ ရိုက်ကူးရေးတွေလည်း ရက်တွေ ရွှေ့ဆိုင်းခဲ့ရတာဖြစ်ပါတယ်။ Covid ကာလပြီးလို့ အနုပညာအလုပ်တွေ ပြန်လုပ်ခွင့်ရတဲ့ အချိန်မှာ ရုပ်ရှင်လောကတိုးတက်ဖို့အတွက် အကောင်းဆုံး ကြိုးစားသွားမယ်လို့ နေတိုးက ပြောပါတယ်။
“ ကျွန်တော်တို့ ရုပ်ရှင်ဇာတ်ကားတွေကို ပြန်လည် ရိုက်ကူးခွင့်ရတဲ့ အချိန်မှာ အနုပညာရှင် ညီအစ်ကို မောင်နှမတွေ အားလုံးက ရုပ်ရှင်တိုးတက်ဖို့အတွက် အတိုးချပြီး ကြိုးစားကြဖို့ ဒီနေရာကနေ တိုက်တွန်းလိုက်ချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း အခုရောက်ရှိနေတဲ့ နေရာကနေ ပရိသတ်အတွက် အမြဲတမ်း ကြိုးစားသွားပါ့မယ်လို့ ပြောချင်ပါတယ်။ ရုပ်ရှင် နှစ်(၁၀၀)ကနေစပြီး နောက်ထပ် နှစ်ပေါင်းများစွာတိုင် တည်တံ့ခိုင်မြဲပါစေလို့လည်း ဆုတောင်းပေးချင်ပါတယ်” လို့ သူက ဆိုပါတယ်။
Photo: Nay Toe
နေတိုးဟာ အနုပညာနဲ့ ပတ်သက်လာရင် စွယ်စုံရ အနုပညာရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ အနုပညာခြေလှမ်းအစအနေနဲ့ Music Video တွေမှာ သရုပ်ဆောင်လာရင်းကနေ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ TV ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ တစ်ယောက်ပါ။ အခုချိန်မှာတော့ နေတိုးက အကယ်ဒမီ ဆုတွေကို ပိုင်ဆိုင်ထားနေပြီဖြစ်ပါတယ်။ ဒီဆုတွေကတော့ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Cult Critic Movie Award နိုင်ငံတကာရုပ်ရှင်ပွဲတော်က ချီးမြှင့်တဲ့ The Best Actor ဆုကိုလည်း ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။