မြန်မာ့ရိုးရာလက်ဝှေ့ကို အမှတ်ပေးစနစ်နဲ့ ကျင်းပနေတဲ့ မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော ပြိုင်ပွဲဖြစ်ပြီး နိုင်ငံခြားသားများ ပါဝင်ထိုးသတ်လာမှုနဲ့အတူ ကမ္ဘာ့နိုင်ငံအနှံ့အပြားကို ထိုးဖောက်နေနိုင်ပြီလည်း ဖြစ်ပါတယ်။
စင်ကာပူနိုင်ငံမှာ နှစ်စဥ်ကျင်းပ ပေးအပ်လေ့ရှိတဲ့ အာရှ-ပစိတ်ဖိတ်ဒေသ အကောင်းဆုံး ထူးချွန်ဆုပေးအပ်ပွဲမှာ မြန်မာနိုင်ငံက ဆန်ကာတင်ဆု အတော်များများ ပါဝင်လာပါတယ်။
ဒီလိုပါဝင်လာရာမှာတော့ အားကစားနယ်ပယ်မှလည်း အကောင်းဆုံး အားကစားပြိုင်ပွဲအစီအစဥ်ဆုအဖြစ် မြန်မာ့ရိုးရာ လက်ဝှေ့ ချန်ပီယံရှစ်(WLC)ပြိုင်ပွဲလည်း ဆန်ခါတင်စာရင်းမှာ ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။
မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံရှစ် WLC:King Of Nine Limbs ကို ၂၀၁၉ခုနှစ် သြဂုတ်လ ၂ရက်နေ့တုန်းက မန္တလေး မှာကျင်းပခဲ့တာပါ။
အဆိုပါပွဲမှာ ခေါင်ပွဲအဖြစ် ကနေဒါနိုင်ငံသား ဒေ့ဗစ်က ယူအက်ဖ်စီ ဖိုက်တာဟောင်း ဆက်ဘက်စကီးကို အနိုင်ယူ ကာ ခရူဇာဝိတ်တန်းရဲ့ ချန်ပီယံ ခါးပတ်ကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။
“ပြိုင်ပွဲကျင်းပတုန်းက အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့တယ်၊ပြိုင်ပွဲမှာ ဆုရဖို့ဆိုပြီး လုပ်ခဲ့တာမဟုတ်ပါဘူး။ ပြိုင်ပွဲပြီးမှ ဒီလိုမျိုး ဆုပေးတာရှိတယ်လို့ သိရလို့ သူတို့ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေနဲ့လည်း ကိုက်ညီလို့ ဝင်ပြိုင်လိုက်ဖြစ်တာပါ။”လို့ ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ်ရဲ့ မီဒီယာတာဝန်ခံ ကိုညီမင်းဟန်က ပြောပါတယ်။
ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ် ပြိုင်ပွဲအစီအစဥ်နည်းတူ သြစတြေးလျ၊အိန္ဒိယ၊ဂျပန်နှင့်ထိုင်းနိုင်ငံတို့မှ အားကစား ရုပ်သံ အစီအစဥ်တွေလည်း ဆန်ခါတင်စာရင်းဝင်နေပါတယ်။
ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ် ပြိုင်ပွဲကတော့ မြန်မာ့ရိုးရာလက်ဝှေ့ကို နိုင်ငံတကာစည်းမျဥ်းများနဲ့အညီ အမှတ်ပေး စနစ်နဲ့ ကျင်းပနေတဲ့ ပြိုင်ပွဲဖြစ်ပြီး နိုင်ငံခြားသား ကိုယ်ခံပညာရှင်များစွာ စိတ်ဝင်တစား ပါဝင် ယှဥ်ပြိုင်ထိုးသတ် နေပြီး ကမ္ဘာ့နာမည်ကြီး UFCဖိုက်တာဟောင်းများပင် လာရောက်ထိုးသတ်နေတဲ့ ပြိုင်ပွဲတစ်ခုလည်း ဖြစ်ပါတယ်။
လက်ရှိမှာလည်း ကမ္ဘာ့နိုင်ငံအများစုမှာ ရုပ်သံလိုင်းများမှတဆင့် ထုတ်လွှင့်ပြသထားနိုင်ပြီး ယူကေထိပါ amazon prime video ကတဆင့် ဝယ်ယူ ကြည့်ရှုနိုင်အောင် ထိုးဖောက်ထားနိုင်ပြီလို့လည်း သိရပါသေးတယ်။
ကမ္ဘာ့လက်ဝှေ့ ချန်ပီယံရှစ်(WLC)အနေနဲ့ ယခု လို မြန်မာနိုင်ငံမှ အကောင်းဆုံး အားကစား အစီအစဥ်အဖြစ် ရွေး ချယ်ခံရခြင်းဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဆုပေးအပ်မှုကိုတော့ ၂၀၂၀ ဒီဇင်ဘာမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
Share