• Featured

    နာမည်ကြီး ဘောလိဝုဒ်မင်းသား ဆန်ဂျေးဒတ်က ကင်ဆာဖြစ်နေတယ်လို့ အတည်ပြု

အစောပိုင်းမှာ ခန့်မှန်းသတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပြီး ယခုအခါ ဆန်ဂျေးဒတ်ကိုယ်တိုင် ထုတ်ဖော်ပြောခဲ့တာပါ။

ဘောလိဝုဒ်မင်းသားကြီး ဆန်ဂျေးဒတ်က ၎င်းထံမှာ ကင်ဆာရောဂါရှိနေကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။ အိန္ဒိယသတင်းတွေမှာ ဆန်းဂျေးဒတ် ကင်ဆာဖြစ်နေတယ်လို့ ခန့်မှန်းဖော်ပြမှုတွေ လနဲ့ချီကြာ ထွက်ပေါ်နေခဲ့ပြီးနောက် ၎င်းကိုယ်တိုင် အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

image

(Photo: India TV)

ကင်ဆာဖြစ်နေကြောင်း Instagram ဗီဒီယိုတစ်ခုမှာ ဆန်ဂျေးဒတ်က ဖွင့်ဟပြောခဲ့ပြီး မကြာမီ ရောဂါကို အနိုင်ယူမယ်လို့ ဆိုပါတယ်။ ဆန်ဂျေးဒတ်က ၎င်းရဲ့ နောက်ထပ် ရုပ်ရှင်ဇာတ်ကားကို နိုဝင်ဘာလအတွင်း စတင်ရိုက်ကူးသွားမယ်လို့လည်း ပြောခဲ့ပါတယ်။ ဆန်ဂျေးဒတ်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း အသက်ရှူရခက်ခဲမှုကြောင့် COVID-19 စစ်ဆေးခဲ့ပြီး ကူးစက်ခံရမှု မတွေ့ခဲ့ရပါဘူး။



နောက်ပိုင်းမှာတော့ ဆန်ဂျေးဒတ်က အခြား နေမကောင်းဖြစ်မှုကြောင့် မွမ်ဘိုင်းမြို့ရှိ Lilavati ဆေးရုံမှာ ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ထိုစဥ်ကတည်းက မင်းသားကြီးဆန်ဂျေးဒတ်ဟာ အဆုတ်ကင်ဆာဖြစ်နေကြောင်း အတည်မပြုနိုင်တဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဆန်ဂျေးဒတ်ကလည်း ဆေးကုသမှုခံယူရန် အလုပ်ကနေ ခေတ္တအနားယူနေခဲ့ကြောင်း ဩဂုတ်လအတွင်း ပြောခဲ့ပါတယ်။ သို့သော် ကင်ဆာဖြစ်နေကြောင်းကိုတော့ ထုတ်ဖော်ပြောခဲ့ခြင်း မရှိပါဘူး။

၎င်းရဲ့ဇနီး Maanayata က ဆန်ဂျေးဒတ်ရဲ့ ကျန်းမာရေးအခြေအနေဲ့ ပတ်သက်ပြီး မစိုးရိမ်ကြရန် သို့မဟုတ် မလိုအပ်တဲ့ ခန့်မှန်းမှုတွေ မလုပ်ကြရန် ပရိသတ်တွေကို ထုတ်ပြန်ချက်တစ်ခုမှာ ပြောခဲ့ပါတယ်။ လတ်တလောမှာတော့ ဆန်‌ဂျေးဒတ်က ဆံပင်ညှပ်ဆရာ Aalim Hakim ရဲ့ ဆိုင်မှာ ဆံပင်ညှပ်ပြီးနောက် Instagram ဗီဒီယိုမှတစ်ဆင့် ကင်ဆာဖြစ်နေတယ်လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။

ဆန်ဂျေးဒတ်ဟာ ဘောလိဝုဒ်ရုပ်ရှင်လောကမှာ အနိမ့်အမြင့် ကြုံခဲ့ရဖူးတဲ့ မင်းသားတစ်ဦးလည်း ဖြစ်ပါတယ်။ မင်းသားဆန်ဂျေးဒတ်ဟာ ဘောလိဝုဒ်မှာ အအောင်မြင်ဆုံး အကျော်ကြားဆုံး သရုပ်ဆောင်တစ်ဦးဖြစ်နေခဲ့ပေမဲ့ ၎င်းရဲ့ အောင်မြင်ကျော်ကြားမှုဟာ ၂၀၁၃ ခုနှစ်မှာ ထောင်ဒဏ်ငါးနှစ် ချမှတ်ခံရမှုနဲ့အတူ အဆက်ပြတ်သွားခဲ့ပါသေးတယ်။

(Photo: Times of India)

ဆန်ဂျေးဒတ်ဟာ ၁၉၉၃ ခုနှစ်က မွမ်ဘိုင်းမြို့မှာ လူ ၂၅၇ ဦး သေဆုံးခဲ့ကာ ၇၁၃ ဦး ဒဏ်ရာရခဲ့တဲ့ ပေါက်ကွဲမှုတွေနဲ့ ဆက်နွယ်နေတဲ့ လက်နက်မှုဖြင့် ထောင်ကျခဲ့တာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ထောင်မှပြန်လွတ်ပြီးနောက် အောင်မြင်တဲ့ သရုပ်ဆောင်တစ်ဦးအဖြစ် ဘောလိဝုဒ်မှာ အနုပညာအလုပ်တွေ ပြန်လုပ်ခဲ့ပါတယ်။

ဆန်ဂျေးဒတ်ဟာ ရုပ်ရှင်ဇာတ်ကားသစ်များ ရိုက်ကူးရန် စာချုပ်ချုပ်ဆိုထားခဲ့ပြီး အချို့ဟာ ရုံဝင်ကြေး အလွန်မြင့်မားစွာရရှိခဲ့ပါတယ်။ မင်းသားဆန်ဂျေးဒတ်ရဲ့ ဘဝဇာတ်ကြောင်းကို ပုံဖော်ရိုက်ကူးထားပြီး ၎င်းရဲ့နေရာမှာ မင်းသားရန်ဘီကပူးရ်က ပါဝင်သရုပ်ဆောင်ထားတဲ့ Sanju ဇာတ်ကားဟာလည်း အကြီးအကျယ် အောင်မြင်ခဲ့ပါတယ်။

ဆန်ဂျေးဒတ်က ၎င်းရဲ့ မူးယစ်ဆေးစွဲတဲ့ ပြဿနာနဲ့ ပြစ်ဒဏ်ကျမှုအကြောင်းတွေကို အင်တာဗျူးမှာ ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။ ထိုပြဿနာတွေက ၎င်းကို ပိုမိုသန်မာလာစေခဲ့တယ်လို့လည်း ဆန်ဂျေးဒတ်က ဆိုပါတယ်။ ဆန်ဂျေးဒတ်ဟာ ၎င်းရဲ့မိသားစုထဲမှာ ကင်ဆာရောဂါဖြင့် ဆုံးပါးခဲ့သူနှစ်ဦးကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရဖူးသူလည်း ဖြစ်ပါတယ်။

ဆန်ဂျေးဒတ်ရဲ့မိခင် နာဂစ်က ပန်ကရိယကင်ဆာ (pancreatic cancer) ဖြင့် ၁၉၈၁ ခုနှစ်မှာ ကွယ်လွန်ခဲ့သလို ၎င်းရဲ့ ပထမဇနီး ရီချာရှာမာကလည်း ဦးနှောက်ကင်ဆာဖြင့် ကွယ်လွန်ခဲ့ပါတယ်။ အသက် ၆၁ နှစ်အရွယ် ဆန်ဂျေးဒတ်ဟာ ရုပ်ရှင်ဇာတ်ကား ၁၅၀ ကျော်မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဝါရင့် ဘောလိဝုဒ်မင်းသားတစ်ဦး ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က