“ ကိုရန်ပိုင်စိုးရဲ့ သတင်းကို ကြားရတာ စိတ်မကောင်းတော်တော် ဖြစ်ရပါတယ်။ ဝါရင့် အနုပညာရှင်တစ်ယောက် ဖြစ်တဲ့အတွက်ပါ။ သူကနေမကောင်းဖြစ်တယ်လို့ တစ်ခါမှ မကြားဖူးဘူး။ သူက အရမ်း သန်မာတယ်။ ဒါပေမယ့် အခုက Covid နဲ့ပဲ ဆုံးတယ်လို့ကြားတယ်။ Quarantine ဝင်နေရင်းနဲ့ ဆုံးတာဆိုတော့ ပိုပြီးတော့ ယူကျုံးမရဖြစ်တယ်" လို့ ရန်အောင်က Duwun ကို ပြောပါတယ်။
Photo : ရန်ပိုင်စိုး
ရန်ပိုင်စိုးကတော့ ဒီနေ့ (အောက်တိုဘာလ ၂၁ ရက်) နေ့လယ် ၁၁ နာရီကျော်က ကွယ်လွန်သွားခဲ့ပါပြီ။ ဒီသတင်းကတော့ အနုပညာလောကသားတွေအတွက် စိတ်မကောင်းစရာ သတင်းတစ်ခု ဖြစ်ပါတယ်။ သူဟာ Covid ရောဂါပိုး ကူးစက်ခံနေရတာဖြစ်ပြီး Quarantine ဝင်နေတဲ့ အချိန်မှာ ကွယ်လွန်သွားတာလို့ သရုပ်ဆောင် ရန်အောင်က Duwun ကို ပြောပါတယ်။
“ ကိုရန်ပိုင်စိုးရဲ့ သတင်းကို ကြားရတာ စိတ်မကောင်းတော်တော် ဖြစ်ရပါတယ်။ ဝါရင့် အနုပညာရှင်တစ်ယောက် ဖြစ်တဲ့အတွက်ပါ။ သူကနေမကောင်းဖြစ်တယ်လို့ တစ်ခါမှ မကြားဖူးဘူး။ သူက အရမ်း သန်မာတယ်။ ဒါပေမယ့် အခုက Covid နဲ့ပဲ ဆုံးတယ်လို့ကြားတယ်။ Quarantine ဝင်နေရင်းနဲ့ ဆုံးတာဆိုတော့ ပိုပြီးတော့ ယူကျုံးမရဖြစ်တယ်။ အမှတ်တမဲ့ကနေပြီးတော့ ဝေဒနာဖြစ်တာများတော့ ဒါက သံဝေဂရစေသလိုပါပဲ။ အခုလို အချိန်မျိုးမှာ အနုပညာလောကကနေ အပြီးအပိုင် ထွက်ခွာ ကျောခိုင်းသွားတာကိုပဲ ယူကျုံးမရဖြစ်နေပါပြီ။ ဒီ Covid က ရုတ်တရက်ဖြစ်၊ ရုတ်တရက်အသက်ကိုပါနှုတ်ယူသွားတယ်ပေါ့နော်။ ကျွန်တော်တို့ စာဖတ်ရသလောက်တော့ Covid က ရောဂါအခံရှိရင်တော့ ပိုဖြစ်တယ်ပေါ့။ ရောဂါအခံ မရှိရင်တော့ ပြန်ကောင်းကြတာတွေ များပါတယ်။ ကိုရန်ပိုင်စိုးက အကောင်းကြီးကနေ အခုလိုဖြစ်သွားတယ်လို့ အစ်ကိုမြင်ပါတယ်။ သူ့ကို ကြည့်ရတာလည်း သန်သန်မာမာပါပဲ” ဆိုပြီးတော့ စိတ်မကောင်းကြီးစွာနဲ့ ဖြေဆိုခဲ့တာပါ။
Photo : ရန်အောင်
ရန်ပိုင်စိုး အနေနဲ့ လွန်ခဲ့တဲ့ (၂) လကျော်က မြန်မာ့ရုပ်ရှင် နှစ်(၁၀၀) ပြည့် တေးဂီတအစီအစဉ်မှာလည်း ပါဝင်ကူညီ အားဖြည့်ခဲ့တယ်လို့ ရန်အောင်က ဆိုပါတယ်။ အနုပညာလောကမှာ သရုပ်ဆောင် အပိုင်းရော၊ သီချင်းဆိုတာရော အပြင် အသံပါဝါကောင်းကောင်းနဲ့ အခမ်းအနားမှူး လုပ်ရာမှာလည်း ထူးချွန်သူ တစ်ယောက်ကို ဆုံးရှုံးလိုက်ရပြီလို့ ရန်အောင်က ဆက်လက် ပြောပြခဲ့ပါတယ်။
“လွန်ခဲ့တဲ့ နှစ်လ လောက်တုန်းက ရုပ်ရှင် နှစ်(၁၀၀) ပြည့်အတွက် '‘ဂုဏ်" ဆိုတဲ့ သီချင်းကို သူ ဆိုသွားသေးတယ်လို့ကြားမိတယ်။ သူက အဆိုရော၊ သရုပ်ဆောင် အပိုင်းမှာပါ အရမ်းကောင်းတဲ့ လူတစ်ယောက်ပါ။ အစ်ကိုတို့နဲ့လည်း အနုပညာအလုပ်တွေ တွဲလုပ်ခဲ့ဖူးတယ်။ အလုပ်လုပ်ရင် မငြီးမငြူ လုပ်တတ်တယ်၊ ကူညီချင်တဲ့ စိတ်ကလည်း အပြည့်ရှိတယ်၊ အသံကလည်း သူက အရမ်းကောင်းတယ်။ မင်္ဂလာဆောင်တွေမှာလည်း သူက အခမ်းအနားမှူးလုပ်ရင် ကိုယ်တွေနဲ့ အမြဲဆုံဖြစ်တယ်။ သူ့ရဲ့ အသံကိုက မိုက်ခရိုဖုန်း မပါရင်တောင် အရမ်းအောင်တဲ့သူပါ။ ဒီနေ့ မနက်မှာ ဆုံးသွားပြီ ကြားတော့ အရမ်း ရင်ထဲမကောင်းဖြစ်ရတယ်။ ရုပ်ရှင်နှစ်(၁၀၀) ပြည့်အတွက် အရင်တုန်းက ဇာတ်ကားတွေ ပြန်ပြနေတဲ့ အချိန်မှာ အစ်ကိုလည်း သူပါတဲ့ဇာတ်ကားလေးတွေ ကြည့်ရင်း သတိရနေမိတဲ့ အချိန်မှာ ဒီသတင်းကို ရုတ်တရက်ကြားရတာ စိတ်မကောင်းဖြစ်ရတယ်။ အစ်ကို့ကို သတင်းပေးတာက ညီမလေး ပိုးအိစံက လှမ်းပြောတာပါ။ ” လို့ ဆိုပါတယ်။
အဆိုတော်ရန်ပိုင်စိုးဟာ ဒီနေ့ (၁၁)နာရီမှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ အသက်(၇၀) နှစ် ရှိနေပြီ ဖြစ်ပြီး ကိုဗစ် -၁၉ ရောဂါကြောင့် ဆုံးပါးသွားခဲ့တာ ဖြစ်ပါတယ်။
ရန်ပိုင်စိုးကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေ၊ အနုပညာလောကသားတွေကလည်း စိတ်မကောင်းဖြစ်ရတဲ့ အကြောင်းတွေကို သူတို့ရဲ့ အွန်လိုင်းစာမျက်နှာတွေပေါ်မှာ ရေးသားထားတာကိုလည်း တွေ့ရပါတယ်။