• Featured

    ပြင်သစ်တစ်နိုင်ငံလုံးကို ဒုတိယအကြိမ် lockdown ကြေညာ၊ အနည်းဆုံး တစ်လကြာမည်ဟုဆို

မရှိမဖြစ် အလုပ်လုပ်ကိုင်ရန် သို့မဟုတ် ဆေးကုသမှုအတွက်သာ နေအိမ်ပြင်ပထွက်ခွင့်ပြုမှာ ဖြစ်ပါတယ်။

COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုတွေ စံချိန်တင် မြင့်တက်နေတဲ့ ပြင်သစ်မှာ တစ်နိုင်ငံလုံးကို ဒုတိယအကြိမ် lockdown သတ်မှတ်လိုက်ပြီး အနည်းဆုံး နိုဝင်ဘာတစ်လလုံး ကြာမြင့်မယ်လို့ သမ္မတအီမန်နျူရယ်မက်ခရွန်က အောက်တိုဘာ ၂၈ ရက်နေ့ နှောင်းပိုင်းမှာ ကြေညာလိုက်ပါတယ်။

image

(ပြင်သစ်သမ္မတမက်ခရွန်) (Photo: Reuters)

သောကြာနေ့ (အောက်တိုဘာ ၃၀ ရက်) မှာ စတင်သက်ရောက်မယ့် ပြင်သစ်ရဲ့ lockdown အစီအမံတွေအရ မရှိမဖြစ် အလုပ်လုပ်ကိုင်ရန် သို့မဟုတ် ဆေးကုသမှုအတွက်သာ နေအိမ်ပြင်ပထွက်ခွင့်ပြုမယ်လို့ သိရပါတယ်။ စားသောက်ဆိုင်များနဲ့ ဘားဆိုင်များကဲ့သို့ မရှိမဖြစ် မဟုတ်တဲ့ လုပ်ငန်းတွေကို ပိတ်ထားမှာဖြစ်ပြီး ကျောင်းတွေနဲ့ စက်ရုံတွေကိုတော့ ဆက်လက်ဖွင့်ထားမှာ ဖြစ်ပါတယ်။ ပြင်သစ်မှာ COVID-19 ကြောင့် နေ့စဥ် သေဆုံးမှုဟာ ဧပြီလနောက်ပိုင်း အမြင့်ဆုံးဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။



အင်္ဂါနေ့ (အောက်တိုဘာ ၂၇ ရက်) ထုတ်ပြန်ချက်အရ ပြင်သစ်မှာ ကူးစက်ခံရသူ နောက်ထပ် ၃၃,၀၀၀ တိုးလာခဲ့ကြောင်းလည်း သိရပါတယ်။ ပြင်သစ်သစ် လက်ရှိအချိခန်အထိ ကူးစက်ခံရသူ ၁.၂ သန်းကျော်နဲ့ သေဆုံးသူ ၃၅,၀၀၀ ကျော်ရှိခဲ့ပါတယ်။ ကူးစက်မှုတွေ သိသိသာသာ မြင့်တက်နေတာကြောင့် ပါရီမြို့အပါအဝင် နေရာပေါင်း ၅၀ ခန့်ကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ညမထွက်ရအမိန့်ထုတ်ထားခဲ့ပြီး ဖြစ်ပါတယ်။

(Photo: Kiran Ridley/Getty Images)

ပြင်သစ်ဟာ ကပ်ရောဂါအရှိန်မြင့်တက်မှုကြောင့် နစ်မြုပ်မသွားစေရန် ယခု ရပ်တန့်ရမယ်လို့ သမ္မတမက်ခရွန်က ရုပ်မြင်သံကြားမိန့်ခွန်းမှာ ထည့်သွင်းပြောပါတယ်။ ပြင်သစ်ဆေးရုံတွေမှာ အထူးကြပ်မတ်ကုသဆောင်အားလုံးရဲ့ ထက်ဝက်ဟာ COVID-19 လူနာများဖြင့် ပြည့်နေခဲ့တယ်လို့ မက်ခရွန်က ဆိုပါတယ်။ ယခု ထုတ်ပြန်လိုက်တဲ့ lockdown စည်းမျဥ်းအသစ်တွေအရ ပြည်သူတွေဟာ နေအိမ်ပြင်ပထွက်ခွာရန် အကြောင်းပြချက်ပါဝင်တဲ့ ပုံစံတစ်စောင်ဖြည့်သွင်းရမယ်လို့ ပြင်သစ်သမ္မတက ပြောပါတယ်။

ပြင်သစ်မှာ မတ်လအတွင်း lockdown သတ်မှတ်ခဲ့စဥ်ကလည်း ထိုသို့ ပုံစံဖြည့်သွင်းပြီးမှသာ အိမ်ပြင်ထွက်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။ စည်းမျဥ်းအသစ်တွေအရ လူစုလူဝေးဖြစ်မယ့်ကိစ္စများကိုလည်း တားမြစ်ပိတ်ပင်ထားပါတယ်။ ဒါ့အပြင် ပြင်သစ်နိုင်ငံသားတွေကို လေ့ကျင့်ခန်းလုပ်ရန် အချိန်တစ်နာရီစီ သတ်မှတ်ပေးထားကြောင်းနဲ့ အလုပ်ရှင်က နေအိမ်ကနေ အလုပ်လုပ်ရန် မဖြစ်နိုင်ကြောင်း ယူဆထားတဲ့ ဝန်ထမ်းတွေကိုသာ အလုပ်အတွက် ခရီးသွားလာမှု ခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။

(Photo: AP)

ပြင်သစ်မှာ ယခုနောက်ဆုံး ကြေညာလိုက်တဲ့ lockdown အစီအမံအရ သက်ကြီးရွယ်အိုစောင့်ရှောက်ရေး နေရာများသို့ သွားရောက်ခွင့်ပိတ်ပင်ထားပါတယ်။ ပြင်သစ်နိုင်ငံမှာ COVID-19 ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ကူးစက်မှုတွေဟာ အနည်းဆုံး ၂၀၂၁ နှစ် နှစ်လယ်ပိုင်း နွေရာသီကာလအထိ ဆက်ရှိနေနိုင်ပြီး ကူးစက်မှုထိန်းချုပ်တိုက်ဖျက်ရေး လုပ်ဆောင်နေရလိမ့်မယ်လို့ သမ္မတမက်ခရွန်က ၏အောက်တိုဘာ ၂၃ ရက်နေ့မှာ ပြောကြားထားခဲ့ပါတယ်။

ဥရောပဒေသမှာ ပြင်သစ်သာမက အခြား နိုင်ငံအများအပြားမှာလည်း ကူးစက်မှုတွေ တစ်ကျော့ပြန် မြင့်တက်မှုများ ရင်ဆိုင်နေကြရပါတယ်။ ဂျာမနီနိုင်ငံမှာ စားသောက်ဆိုင်များ၊ ကိုယ်ကာယလေ့ကျင့်ရေးစင်တာများနဲ့ ရုပ်ရှင်ရုံများ ပိတ်ထားခြင်း အပါအဝင် တစ်လကြာ အရေးပေါ် lockdown အစီအမံများ သတ်မှတ်ဆောင်ရွက်သွာမယ်လို့ ဂျာမန်အဓိပတိ အန်ဂျလာမာကယ်လ်က အောက်တိုဘာ ၂၈ ရက်နေ့မှာ ပြောပါတယ်။ COVID-19 ကူးစက်မှုထိန်းချုပ်ရေး ယခုချက်ချင်း လုပ်ဆောင်ရမယ်လို့ မာကယ်လ်က ပြောခဲ့ကြောင်း သိရပါတယ်။

(Photo: Reuters)

COVID-19 ဒုတိယလှိုင်း ရင်ဆိုင်နေရပြီး ကူးစက်မှုအသစ်တွေ တစ်ဟုန်ထိုးမြင့်တက်နေတဲ့ စပိန်မှာတော့ တစ်နိုင်ငံလုံးကို အရေးပေါ်အခြေအနေ ကြေညာပြီး ကန်နရီကျွန်းစု (Canary Islands) ကလွဲပြီး နိုင်ငံရဲ့ နေရာအားလုံးမှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။ စပိန်မှာ အရေးပေါ်အခြေအနေ ကြေညာထားမှုဟာ ၂၀၂၁ ခုနှစ် မေလဆန်းအထိ ခြောက်လကြာနိုင်တယ်လို့ ဆိုပါတယ်။

စပိန်မှာ အစိုးရရဲ့ COVID-19 ကူးစက်မှုထိန်းချုပ်ရေး စီမံဆောင်ရွက်မှုတွေကို ကန့်ကွက်ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ကူးစက်မှုတွေ မြင့်တက်နေတဲ့ အီတလီနိုင်ငံမှာလည်း အစိုးရက နယ်မြေဒေသအလိုက် ညမထွက်ရအမိန့်ထုတ်ခြင်း၊ ဘားဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကို ညနေ ၆ နာရီ ပိတ်ခိုင်းခြင်းနဲ့ ကိုယ်ကာယလေ့ကျင့်ရေးစင်တာများ၊ ရေကူးကန်များနဲ့ ရုပ်ရှင်ရုံများ ပိတ်ထားခြင်း အပါအဝင် အစီအမံတွေ သတ်မှတ်ခဲ့ရာ ကန့်ကွက်ဆန္ဒပြမှုတွေ မြို့ကြီးတွေမှာ ပေါ်ပေါက်ခဲ့ပါတယ်။

(Photo: Anadolu Agency/Getty Images)

နိုင်ငံ ၄၆ ခု ပါဝင်တဲ့ ဥရောပဒေသမှာ COVID-19 တိုက်ဖျက်ရေး အပြင်းအထန် အရှိန်မြှင့်လုပ်ဆောင်ရန် လိုအပ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) တာဝန်ရှိသူက အောက်တိုဘာ ၂၆ ရက်မှာ ပြောခဲ့ပါတယ်။ တစ်ကမ္ဘာလုံး ကူးစက်မှုရဲ့ ၄၆ ရာခိုင်နှုန်းနဲ့ သေဆုံးမှု သုံးပုံတစ်ပုံနီးပါးဟာ ဥရောပဒေသမှဖြစ်ကြောင်း WHO အရေးပေါ်ဆိုင်ရာ အကြီးအကဲ ဒေါက်တာမိုက်ရိုင်ယန်က ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က