• Featured

    ဗီယင်နာမြို့လယ်မှာ သေနတ်သမားများက အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်၊ သေဆုံးဒဏ်ရာရမှုများရှိ

ဗီယင်နာမြို့လယ်ရှိ နေရာခြောက်ခုမှာ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့တော်မှာ သေနတ်သမားတွေက အကြမ်းဖက်တိုက်ခိုက်ခဲ့ရာ သေဆုံးဒဏ်ရာရမှုများရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး Karl Nehammer က သတင်းထောက်တွေကို ပြောပါတယ်။

image

(Photo: Leonhard Föger/Reuters)

ဒေသစံတော်ချိန် တနင်္လာနေ့ (နိုဝင်ဘာ ၂ ရက်) ည ၈ နာရီဝန်းကျင်မှာ အကြမ်းဖက်တိုက်ခိုက်မှု စတင်ဖြစ်ပွားခဲ့ပြီး တိုက်ခိုက်သူတွေက ၁၈၂၀ ပြည့်လွန်နှစ်များမှာ တည်ဆောက်ခဲ့တဲ့ ဗီယင်နာမြို့လယ်ရှိ Stadttempel ဂျူးဘုရားကျောင်း အနီးပတ်ဝန်းကျင်ရှိ နေရာခြောက်ခုမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဂျူးဘုရားကျောင်းကို ပစ်မှတ်ထားခဲ့ကြောင်း သို့မဟုတ် ၎င်းနဲ့ကပ်လျက်ရှိ အရပ်ဒေသဆိုင်ရာရုံးကို ပစ်မှတ်ထားခဲ့ကြောင်းကိုတော့ လတ်တလော အတိအကျ မသိရသေးဘဲ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားချိန်မှာ ထိုနေရာနှစ်ခုလုံးက ပိတ်ထားပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုများအတွင်း ဖြတ်သန်းသွားလာသူတစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုထားပါတယ်။ ရဲတပ်ဖွဲ့က တိုက်ခိုက်က်သူတစ်ဦးကို အသေပစ်သတ်ခဲ့ပြီး လက်ရှိအချိန်အထိ သေဆုံးသူ ၃ ဦးဖြစ်တယ်လို့ ဆိုပါတယ်။

(Photo: Lisi Niesner/Reuters)

ဒေသခံမီဒီယာက ဖော်ပြမှုအရ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း ဖြတ်သန်းသွားလာသူတွေ အပါအဝင် လူ ၁၅ ဦး ဒဏ်ရာရခဲ့ပြီး ခုနစ်ဦးဟာ ဒဏ်ရာပြင်းထန်ကြောင်း RT သတင်းဌာနက ဖော်ပြပါတယ်။ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့ထွက်ပေါ်ခဲ့တဲ့ ဗီဒီယိုတွေအရ အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားတဲ့ သေနတ်သမားတစ်ဦးက ကျောက်တုံးများခင်းထားတဲ့ လမ်းမအတိုင်း အပြေးအလွှားသွားရင်း ပစ်ခတ်ခဲ့တာ တွေ့ရပါတယ်။ နောက်ထပ် ဗီဒီယိုတွေမှာတော့ Danube မြစ်ကမ်းနားအနီးရှိ Schwedenplatz ရင်ပြင်နေရာမှာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာ တွေ့ရတယ်လို့ ဆိုပါတယ်။

(Photo: Joe Klamar/AFP)

ဩစတြီးယား ပြည်ထဲရေးဝန်ကြီး Karl Nehammer က ယခုဖြစ်ရပ်ဟာ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း ORF သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ "ဒီအချိန်မှာ ကျွန်တော် အတည်ပြုနိုင်တာက ဒါဟာ သိသာတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု ဖြစ်တယ်ဆိုတာပါပဲ" လို့ ပြည်ထဲရေးဝန်ကြီးက ဆိုပါတယ်။ အကြမ်းဖက်တိုက်ခိုက်သူတစ်ဦး သေဆုံးခဲ့ပြီး နောက်ထပ် ထွက်ပြေးလွတ်မြောက်နေတဲ့ အကြမ်းဖက်သမား အနည်းဆုံးတစ်ဦးကြောင်းနဲ့ ဗီယင်နာမြို့မှာ လုံခြုံရေးထူထပ်စွာချထားပြီး ရှာဖွေမှုတွေ လုပ်ဆောင်နေကြောင်း သတင်းတွေက ဖော်ပြပါတယ်။

နောက်ဆက်တွဲသတင်း

ဗီယင်နာမြို့လယ်မှာ အကြမ်းဖက်တိုက်ခိုက်ခဲ့မှုနဲ့ ဆက်စပ်ပြီး ရဲတပ်ဖွဲ့က စီးနင်းမှုတွေပြုလုပ်ခဲ့ကာ လူ ၁၄ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထပ်မံသိရှိရတဲ့ BBC သတင်းက ဖော်ပြပါတယ်။ အကြမ်းဖက်တိုက်ခိုက်ခဲ့သူဟာ အသက် ၂၀ အရွယ် အစ္စလာမ်မစ်အစွန်းရောက်တစ်ဦးဖြစ်ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ ထောင်မှလွတ်မြောက်ခဲ့သူလို့ သိရပါတယ်။ ၎င်းဟာ အိုင်အက်စ်အကြမ်းဖက်အုပ်စုကို အားပေးထောက်ခံသူလည်း ဖြစ်ပါတယ်။

ဗီယင်နာမြို့လယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပြီးနောက် လုံခြုံရေးတင်းကျပ်စွာချထားပြီး ရဲတပ်ဖွဲ့က နောက်ထပ် တိုက်ခိုက်သူတွေကို လိုက်လံရှာဖွေခဲ့ကြပါတယ်။ သို့သော် အာဏာပိုင်တွေကတော့ သေနတ်သမားကို ရဲတပ်ဖွဲ့က အသေပစ်သတ်ခဲ့ကြောင်းနဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို တစ်ကိုယ်တော် လုပ်ဆောင်ခဲ့ကြောင်း ယုံကြည်ထားပါတယ်။

(Photo: Reuters)

မျက်မြင်တွေ့ရှိခဲ့သူတွေကတော့ သေနတ်သမားတစ်ဦးထက်ပိုတယ်လို့ ပြောခဲ့ကြပြီး ရဲတပ်ဖွဲ့က မည်သို့ဖြစ်ပွားခဲ့ကြောင်း သိရှိနိုင်ရန် မိုဘိုင်းဖုန်းဗီဒီဘို ၂၀,၀၀၀ ကို ကြည့်ရှုစစ်ဆေးနေပါတယ်။ အကြမ်းဖက်သမားက ပစ်ခတ်တိုက်ခိုက်မှုကြောင့် သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး၊ သက်ကြီးရွယ်အို အမျိုးသားတစ်ဦး၊ ဖြတ်သန်းသွားလာသူ တစ်ဦးနဲ့ စားပွဲထိုးအမျိုးသမီးတစ်ဦး အပါအဝင် လူလေးဦး သေဆုံးခဲ့ပါတယ်။

အကြမ်းဖက်တိုက်ခိုက်သူဟာ မူလက မက်ဆီဒိုးနီးယားမြောက်ပိုင်းမှဖြစ်ပြီး ၎င်းဟာ ဩစတြီးယားနဲ့ မက်ဆီဒိုးနီယား နှစ်နိုင်ငံသားအဖြစ် ခံယူထားပါတယ်။ ရဲတပ်ဖွဲ့က ၎င်းရဲ့နေအိမ်ကို ရှာဖွေခဲ့ရာမှာ ဗီဒီယိုဆက်စပ်ပစ္စည်းများ၊ လက်နက်များကို သိမ်းဆည်းရမိခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်ခဲ့စဥ် အသေခံဗုံးခွဲခါးပတ်အတုတစ်ခုကို တပ်ဆင်ထားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

.

Share

Loading Next Article...
က္က