ဧရာဝတီတိုင်း၊ပုသိမ်မြို့မှာ နိုဝင်ဘာလ ၄ ရက်နေ့က တွေ့ရှိခဲ့တဲ့ ကိုဗစ်အတည်ပြုလူနာ ၁၆ ဦးထဲမှာ ကြိုတင်မဲလိုက်လံကောက်ခဲ့တဲ့ မဲရုံမှူး၊ဒုမဲရုံမှူး၊ အထူးရဲ အပါအဝင် ၇ ဦး ပါဝင်နေတယ်လို့သိရပါတယ်။
အောက်တိုဘာလ ၃၁ ရက်နေ့က ပုသိမ်မြို့က အမှတ် ၁ ရပ်ကွက်အတွင်း အသက် ၆၀ နှစ်အထက် သက်ကြီးရွယ်အိုတွေကို ကြိုတင်မဲလိုက်လံကောက်ခံခဲ့တဲ့ မဲရုံမှူး၊ ဒုမဲရုံမှူး၊ အထူးရဲ ၊ မဲရုံအဖွဲ့ဝင်ကျောင်းစာရေး၊ ကျောင်းဆရာမ၊ ရပ်ကျေးကော်မရှင်အဖွဲ့ဝင်၊ ရပ်ကွက် ရာအိမ်မှူးတို့မှာ ကိုဗစ်ကူးစက်ခံခဲ့ရတာဖြစ်ပါတယ်။
မဲရုံတာဝန်ရှိသူတွေ ကြိုတင်မဲသွားရောက်ကောက်ခံချိန်က အဖိုးအိုတစ်ဦးမှာ ကိုဗစ်ပိုးရှိကြောင်း ကို မသိရှိရသေးဘဲ ၊ ကောက်ခံပြီးနောက်ရက် ရောက်မှသာပိုးရှိကြောင်းသိရှိခဲ့ရတာဖြစ်ပြီး ၊ အောက်တိုဘာလ ၃၁ ရက်နေ့ကစပြီး မဲရုံမှူးအပါအဝင် ၇ ဦးကို Home Stay နေထိုင်စေကာ နိုဝင်ဘာလ ၄ ရက်နေ့မနက်ပိုင်းမှာ ပိုးရှိမရှိစစ်ဆေးခဲ့ရာမှ ကိုဗစ်ပိုးကူးစက်ခံထားရတာကို သိရှိခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံ - အရှင်စန္ဒာသီရိ
ဒီကိစ္စနဲ့ပတ်သက်ပြီး ပုသိမ်ခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင့်လွင်က“သူတို့က ပထမနေ့ကောက်တယ်။ နောက်နေ့ကျသိလည်းသိတော့ အိမ်မှာ Home Stay နေတယ်။ ဆက်မကောက်ဘူး။ သူတို့ သွားကောက်တဲ့အချိန်မှာက ပိုးတွေ့တာမရှိသေးဘူး။ နောက်မှ ရလဒ်သိတော့ မှ Home Stay လုပ်လိုက်တာပေါ့။ ခုတော့ သူတို့နေရာကို တခြားအဖွဲ့တွေက ဆက်ကောက်တာပေါ့။ ကျန်းမာရေးဆိုင်ရာကိုတော့ မြို့နယ်ကိုဗစ်နဲ့ တိုင်းကိုဗစ်က ညှိိပြီးစီစဉ်လုပ်ပါလိမ့်မယ်။ ကျွန်တော်တို့က ရွေးကောက်ပွဲကိုသာ ဦးစားပေးရတာကို၊ ကျန်တဲ့ကိုဗစ်နဲ့ပတ်သက်တာကို ခရိုင်ကိုဗစ်တွေကလည်း စီစဉ်ပါမယ်၊ ကျွန်တော်တို့ကတော့ အတိကျတော့မသိဘူး”လို့ ဦးတင့်လွင်က ပြောပါတယ်။
လက်ရှိမှာတော့ ကိုဗစ်ပိုးတွေ့ရှိထားတဲ့ မဲရုံမှူး အပါအဝင် ၇ ဦးကို ပုသိမ်မြို့ တိုင်းရင်းဆေးရုံကြီးကို ခေါ်ဆောင်ကာ ကျန်းမာရေးကုသမှုပေးထားပါတယ်။ ပိုးတွေ့လူနာနဲ့ ထိစပ်သူတွေကိုလည်း ပုသိမ်မြို့နယ်ကျန်းမာရေးဦးစီးဌာနကနေ ဆက်လက်ဆောင်ရွက်နေတယ်လို့သိရပါတယ်။
ပိုးတွေ့လူနာ ၇ ဦးနေရာမှာလည်း အခြား ဆရာ ၊ ဆရာမတွေကို အစားထိုးပြီး ကြိုတင်မဲကောက်ခံမှုကို ဆက်လက်လုပ်ဆောင်နေတယ်လို့သိရပါတယ်။ ပုသိမ်မြို့နယ်၊ အမှတ် ၁ ရပ်ကွက်မှာဆိုရင် မဲရုံပေါင်း ၁၂ ရုံရှိတယ်လို့သိရပါတယ်။ လက်ရှိ ပုသိမ်ဆေးရုံတွင် ဆေးကုသမှုခံယူနေတဲ့ ကိုဗစ်အတည်ပြုလူနာ ၁၈ ဦးနဲ့ တိုင်းရင်းဆေးရုံမှာ ၂၈ဦးရှိတယ်လို့သိရပါတယ်။
အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။